Connect with us

Politics, Law & Military

၂၀၁၈ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အတည်ပြု

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကျင်းပနေစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ကန့်ကွက်သူမရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုလိုက်ကြောင်း သိရသည်။

ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဆဌမပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့ ကို မတ်လ ၂၈ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်းက ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ၆ လ ရသုံးမှန်းခြေငွေစာရင်းနှင့် ၂၀၁၈ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် အဆိုပြုခဲ့ရာ လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ဥပဒေကြမ်း၏ လိုအပ်ချက်များအပေါ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် ပန်းပဲတန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)ကိုယ်စားလှယ် ဦးသက်နိုင်ဦးတို့က ဆွေးနွေးအကြံပြုခဲ့ကြသည်။

ဆွေးနွေးချက်များအပေါ် ရန်ကုန်တိုင်းဒေသကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်းက ပြန်လည်ရှင်းလင်းရာတွင် “တိုင်းဒေသကြီးအတွင်း တည်ဆောက်ရေးလုပ်ငန်းများမှာ မည်သည့်ဌာနမှာမဆို လုပ်ငန်းအမျိုးအစားအလိုက် PAE နှုန်းထားများ တစ်ပြေးညီ သတ်မှတ်သင့်တယ်။ အနည်းဆုံးဌာနတစ်ခုအနေနဲ့ တွက်ချက်မှုနှုန်းထားများ စံနှုန်းတွေဟာ တူညီစွာဖြစ်သင့်တယ်လို့ အကြုံပြုချက်မှာ ပါပါတယ်။ ဒီအကြံပြုချက်ဟာ PAE ကို သတ်ဆိုင်ရာဌာနများမှာ လိုက်လျောညီထွေတဲ့ စံချိန်စံညွှန်းများနဲ့အညီ တွက်ချက်ဖို့အတွက် သက်ဆိုင်ရာ ဌာနများကို ဆောင်ရွက်စေရန် ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်းကို တင်ပြလိုပါတယ်။ ဒါ့အပြင် ဌာနဆိုင်ရာများအနေနဲ့ မိမိတို့လုပ်ငန်းဆိုင်ရာ အသုံးအနှုန်းတွေကို ဘဏ္ဍာရေးစိစစ်မှုပြုတဲ့အခါ အတိုကောက်များကို အားလုံးနားလည်လောက်အောင် ရှင်းလင်းဖော်ပြပေးဖို့ လိုပါတယ်။ နောင်သက်ဆိုင်ရာ ဘက်ဂျက်တွေကို တင်ပြတဲ့အခါမှာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း ကနေပြီးတော့ အတိုကောက်များကို မသုံးနှုန်းဘဲ ရှင်းလင်းလွယ်ကူတဲ့ ဖော်ပြချက်တွေကို ဖော်ပြဖို့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထို့အတူ ရုံးသုံးပစ္စည်းများ၊ နည်းပညာပစ္စည်းများ ကောက်ခံတဲ့အခါမှာ တူညီသော အမျိုးအစားအတွက် တောင်းခံမှုစံနှုန်းများ သတ်မှတ်သင့်ကြောင်းနဲ့ ကွန်ပျူတာနဲ့ဆက်စပ်တဲ့ပစ္စည်းများ ဝယ်ယူတဲ့ခါမှာလည်း ပစ္စည်းအမျိုးအစားModel များကို ကျွမ်းကျင်သူများရဲ့ အကူအညီယူပြီးတော့မှ တစ်ပြေးညီသတ်မှတ်ညှိနှိုင်းပြီး ဆောင်ရွက်ဖို့ အကြံပေးချက်နဲ့အညီ ညှိနှိုင်းဆောင်ရွက်ပေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။’’ ဟု ပြန်လည် ဖြေကြားခဲ့သည်။

ဦးသန်းနိုင်ဦး၏ တင်ပြချက်ဖြစ်သည့် ရငွေများပိုမိုတိုးတက်လာရန်အတွက် မြေ၊ အဆောက်အအုံ၊ တိုက်ခန်း၊ ဆိုင်ခန်းများအပေါ် ရသည့် နှုန်းထားများကို စာချုပ်စာတမ်းများအား ပြန်လည်ပြီး ခေတ်ကာလနှင့် လိုက်လျောညီထွေမှု ရှိစေရန်အတွက် Review လုပ်ရန်နှင့် ဖမ်းဆီးရမိထားသည့် ပိုင်ရှင်မဲ့ပစ္စည်းများ ဖြစ်သည့် ယာဉ်၊ ဆိုင်ကယ်၊ စက်ဘီး၊ ဆိုက်ကား စသည်များကို အမှုများပြီးပြတ်သည်နှင့် ယခုဘဏ္ဍာရေးနှစ်အတွင်းတွင် ပေါက်ဈေးအတိုင်း ထုခွဲရောင်းချရန် အကြံပြုထားသည်နှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံ စုံစမ်းသည့် အခါတွင် မြေ၊ အဆောက်အအုံ၊ တိုက်ခန်း အငှားစာချုပ်များကို ခေတ်ကာလနှင့် လိုက်လျောညီထွေအောင် ပြန်လည်စိစစ်သုံးသပ်နေကြောင်းကို သိရှိရပြီး ဆက်လက်ဆောင်ရွက်နေကြောင်း၊ အမှုအခင်းနှင့် ပတ်သက်ပြီး သိမ်းဆည်းရမိသည့် ပစ္စည်းများကိုလည်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှ အမှုများပြီးပြတ်သည့်အခါတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ လေလံတင်ရောင်းချသည့်ကိစ္စများ ဆောင်ရွက်ရန် ရှိပြီး တစ်ချို့မော်တော်ကား၊ မော်တော်ဆိုင်ကယ်ကဲ့သို့ ပိုင်ရှင်မဲ့ပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ တင်ပြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးမှတစ်ဆင့် ဘဏ္ဍာနှစ်အတွင်းမှာပဲ ပြည်ထောင်စုစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးအပ်ရသည့်အတွက်ကြောင့် ဆက်လက်ပြီး ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဝန်ကြီးကပြောသည်။

ဆက်လက်ပြီး “ငွေလုံးငွေရင်းအသုံးစရိတ် လျာထားချက် နဲ့ ပတ်သက်ပြီးတော့ လက်ရှိဆောင်ရွက်နေတာကတော့ မြို့နယ်၊ ခရိုင်၊ တိုင်းလွှတ်တော်ကြီးများနဲ့ ဌာနဆိုင်ရာများ ညှိနှိုင်းပြီးတော့ စီမံကိန်းထဲမှာ ထည့်သွင်းပါတယ်။ ဒီလိုထည့်သွင်းဖို့အတွက် မြို့နယ်အသီးသီးမှာ စီမံကိန်းရေးဆွဲရေးနဲ့ အကောင်အထည်ဖော်ရေးကော်မတီများမှာ စီမံကိန်းဦးစားပေးမှုလုပ်ငန်း အခု (၂၀)ကို သတ်မှတ်ပြီးတော့ ထည့်သွင်းပြီး ဘတ်ဂျက်ရေးဆွဲတဲ့အခါမှာ ဦးစားပေးမှုလုပ်ငန်း(၂၀)ကို ထည့်သွင်းရေးဆွဲရပါတယ်။ ဒီနှစ်မှာ မြို့နယ်အလိုက် လုပ်ငန်းစီမံကိန်း(၂၀)ထဲက ပါနိုင်သမျှပါအောင် ထည့်သွင်းထားပါတယ်။ ဒါကြောင့်အခြေခံလူတန်းစားများရဲ့ လိုအပ်ချက်နဲ့ ဒေသဆိုင်ရာရဲ့လိုအပ်ချက်များ တတ်နိုင်သမျှ ပါဝင်မယ်လို့ ယူဆပါတယ်။ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းမှာ တွေ့ရတဲ့ လုပ်ငန်းတွေက တိုင်းဒေသကြီးရဲ့ မျှော်မှန်းချက်တွေ ပြည်သူလူထုလိုအပ်ချက်တွေကို အခြေခံထားပြီးတော့ ရေးဆွဲတာ ဖြစ်ပေမယ့် အဓိကအားဖြင့်တော့ အမျိုးသမီးများနဲ့ မသန်စွမ်းတွေအတွက် ဘက်ဂျက်မှာ ထည့်သွင်းစဉ်းစားပေးဖို့ ဆိုတဲ့နေရာမှာ ပြည်ထောင်စုအဆင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးကိစ္စရပ်များကို ပြည်ထောင်စုကနေပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များကို ခွဲဝေချထားပေးပါတယ်။ ကလေးသူငယ်များ၊ လူငယ်များ၊အမျိုးသမီးများ၊ မသန်စွမ်းများနှင့် သက်ကြီးရွယ်အိုများ၊ အခြေအနေမဲ့များကို စောင့်ရှောက်ဖို့နဲ့ ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို ပြည်ထောင်စုအဆင့်က စီမံခန့်ခွဲပြီးတော့မှ သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းများကို ခွဲဝေချထားလျာထားပေးဖို့ ရှိပါတယ်’’ဟု ဝန်ကြီးက ပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.