Politics, Law & Military
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းအား လွှတ်တော်က အတည်ပြု

နေပြည်တော်၊ သြဂုတ် ၂၄ ရက်(ဆင်ဟွာ)
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းအား ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးက ပြည်ထောင်စု အဆင့် အဖွဲ့အစည်း အသီးသီးတို့၏ စီမံကိန်း လုပ်ငန်းများမှ စီမံကိန်း တန်ဖိုး စုစုပေါင်း ကျပ် ၄၉၃ ဘီလီယံကျော် (ကျပ် ၄၉၃,၆၅၈ ဒသမ ၄၉ သန်း) လျှော့ချ ဖြတ်တောက်ပြီး အတည်ပြုခဲ့သည်။
၂၀၂၀-၂၁ ဘဏ္ဍာနှစ်၏ အမျိုးသား စီမံကိန်း ဥပဒေကြမ်းတွင် ပါဝင်သည့် စီမံကိန်း လုပ်ငန်းပေါင်း ၁,၂၇၀ ကျော်မှ စီမံကိန်းငွေများကို လျှော့ချ ဖြတ်တောက်ခဲ့ကြောင်း၊ အများဆုံး ဖြတ်တောက် ခံရသည့် ဌာနမှာ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဖြစ်ပြီး ၎င်းဌာန၏ လုပ်ငန်း ၈၈ ခုမှ စီမံကိန်းငွေ ကျပ် ၃၂၆,၄၀၀ ဒသမ ၆၆ သန်းကို ဖြတ်တောက်ခဲ့ကြောင်း၊ ဒုတိယ အများဆုံးမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဖြစ်ပြီး ၎င်းဌာန၏ လုပ်ငန်း ၁၉၇ ခုမှ ကျပ် ၅၂,၈၅၄ ဒသမ ၂၆၅ သန်း ဖြစ်ကြောင်း၊ တတိယ အများဆုံး မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဖြစ်ပြီး ၎င်း၏ လုပ်ငန်း ၆၉ ခုမှ ကျပ် ၃၃၉၈၃ ဒသမ ၂၄၈ သန်း ဖြတ်တောက်ခံရကြောင်း ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အဆိုပြုချက်များအရ သိရသည်။
အဆိုပါ လျှော့ချ ဖြတ်တောက်မှုများ အပါအဝင် စီမံကိန်း လုပ်ငန်းများ၊ ဥပဒေအကြောင်းအရာများ၊ ပူးတွဲ ဇယားများကို ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေး၌ အဆိုတင်သွင်းခဲ့ပြီး ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များ၏ သဘောထားနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ သဘောထားများကို တောင်းခံ၍ တစ်ပိုဒ်ချင်းစီ အလိုက် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဥပဒေကြမ်းကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၃ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ စတင် အဆိုပြု တင်သွင်းခဲ့ပြီး ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ၎င်း၏ တွေ့ရှိ ချက် အစီရင်ခံစာကို ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၅ ရက်တွင် လွှတ်တော်သို့ တင်ပြခဲ့ကာ လွှတ်တော် ကိုယ်စားလှယ်များက သြဂုတ်လ ၁၉ ရက်၌ ဆွေးနွေး အကြံပြုခဲ့ကြသည်။ ကိုယ်စားလှယ်များ၏ ဆွေးနွေး အကြံပြုချက်များအား သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များက ၂၀၂၀ ခုနှစ် သြဂုတ် ၂၁ ရက်တွင် ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော် ယနေ့ အစည်းအဝေး၌ အတည်ပြုခဲ့ခြင်း ဖြစ်သည်။(Xinhua)