Connect with us

Politics, Law & Military

ဟန်ချက်ညီညီ လုပ်ဆောင်မှ လိုချင်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို ထူထောင်နိုင်မည်ဟု NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကချင်ခရီးစဉ်တွင် ပြောကြား

အောက်တိုဘာ ၂ ရက် က မြစ်ကြီးနား ပြည်သူလူထုဟောပြောပွဲ တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည့် မိန့်ခွန်းပြောကြား နေစဉ်(ဆင်ဟွာ)

မြစ်ကြီးနား ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ)

စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရန် တိုင်းရင်းသားများကြားတွင် ပြေလည်မည်ဆိုပါက မည်သူ လုပ်ပေးသည် ဖြစ်စေ လက်ခံမည် ဖြစ်သော်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) သည် လုပ်ပေးပိုင်ခွင့် မရှိဘဲနှင့် လုပ်ပေးနိုင်မည် မဟုတ်ကြောင်း (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ်ခရီးစဉ် စတင်သည့် ယနေ့အောက်တိုဘာ ၂ ရက် မြစ်ကြီးနား ပြည်သူလူထုဟောပြောပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထိုပြင် ပြည်ထောင်စု ဗဟိုနှင့် ပြည်နယ်/တိုင်းများသည် ဟန်ချက်ညီညီ အလုပ်လုပ်မှ လိုချင်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ကို ထူထောင်နိုင်မည် ဖြစ်ပြီး ပြည်ထောင်စုကို ကိုယ်စားပြုတဲ့ ပါတီတစ်ခုကို ထူထောင်နိုင်မှ နိုင်ငံတစ်ခုလုံး စည်းစည်းလုံးလုံးနှင့် ဒီမိုကရေစီ စနစ်ကို ရောက်အောင် လုပ်နိုင်မည် ဖြစ်သည်။ ထိုမှသာ ပြည်နယ်များတွင်လည်း အပြည့်အ၀ ဒီမိုကရေစီ အခွင့်အရေး ရအောင် လုပ်ပေး နိုင်မည် ဖြစ်ကြောင်း (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မြစ်ကြီးနား ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည့်အား အောက်တိုဘာ ၂ ရက် က မြစ်ကြီးနား ပြည်သူလူထုဟောပြောပွဲတွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

“နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ပြည်သူလူထုက စိတ်ပါလက်ပါ ပါမှ ဖြစ်နိုင်မှာပါ။ပြည်သူလူထု မပါဘဲနဲ့ဘယ်စနစ်မှ မအောင်နိုင်ပါဘူး။ဒီမိုကရေစီ အစိုးရဆိုတာ ပြည်သူရဲ့ပူးပေါင်း ပါဝင်မှုကို အားကိုးရတယ်။ပြည်သူ့အင်အားကို တန်ဖိုး ထားရတယ်။ပြည်သူကို လေးစားရတယ်။အဲဒီတော့မှ ပြည်သူနဲ့အတူ နိုင်ငံအတွက် လိုအပ်သည့် ကိစ္စတွေကို ထိထိရောက်ရောက် လုပ်နိုင်မှာ ဖြစ်ပါတယ်။”ဟု (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ပြည်သူလူထုအားလုံးကို တန်းတူ ညီတူ အခွင့်အရေးများ ပေးရန် ၊ တစ်နိုင်ငံလုံးရှိ ကမ္ဘာသူ/သားများနှင့် အေးအေးချမ်းချမ်း အဆင်ပြေအောင် နေသွားရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) တွင် ရည်ရွယ်ချက် ရှိကြောင်း ၊ ပင်လုံညီလာခံစိတ်ဓာတ်ကို အခြေခံသော ဖက်ဒရယ်မှုကို (NLD) အနေဖြင့် ဆန္ဒမဲ ရရှိပြီး အစိုးရ ဖွဲ့နိုင်မှသာ လုပ်ပေးနိုင်မည် ဖြစ်ကြောင်း မြစ်ကြီးနား ဒေသခံများ၏ မေးမြန်းမှုကို ထည့်သွင်း ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကချင်ပြည်နယ် အတွင်းရှိ ဝိုင်းမော် ၊ အင်းတော်ကြီး ၊ မိုးညှင်း ၊ မိုးကောင်း ၊ ဗန်းမော် ၊ မန်စီ နှင့် မိုးမောက်မြို့များသို့လည်း သွားရောက်၍ လူထုတွေ့ဆုံ ဟောပြောစည်းရုံးခြင်းများကို အောက်တိုဘာ ၆ ရက်အထိ ဆက်လက် ပြုလုပ်သွားမည် ဖြစ်သည်။(Xinhua)