Connect with us

Politics, Law & Military

တတိယ အကြိမ် လွှတ်တော်အတွက် ဥက္ကဋ္ဌများ ရွေးချယ်ထားပြီးဖြစ်ဟု ဒေါက်တာဇော်မြင့်မောင် ပြောကြား

NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင် ရှင်းလင်း ဖြေကြားနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း
ဇန်နဝါရီ ၁ ရက်နေ့တွင် စတင် ကျင်းပမည့် တတိယ အကြိမ်မြောက် လွှတ်တော်များအတွက် ဥက္ကဋ္ဌ များ၊ ဒုတိယ ဥက္ကဋ္ဌများကို အသီးသီးရွေးချယ်ထားပြီးဖြစ်ကြောင်း NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်က ယနေ့ ညနေပိုင်း နေပြည်တော်တွင် ပြုလုပ်သော NLD ပါတီ၏ ပုံမှန် CEC အစည်းအဝေး အပြီးတွင် မီဒီယာသို့ ပြောကြားခဲ့သည်။

“လောလောဆယ် အရေးကြီးတာကတော့ လွှတ်တော်တွေ ခေါ်ယူရေးနဲ့ လွှတ်တော် အစည်း အဝေး တွေ အောင်မြင်စွာ ကျင်းပရေးပါပဲ” ဟုလည်း ၎င်းက ဆိုသည်။

ထို့အပြင် ၎င်းက “အခြေခံ ဥပဒေအရ ရွေးကောက်ပွဲပြီး နှစ်လအတွင်းမှာ လွှတ်တော် ခေါ်ရမှာ ဆိုတော့ လွှတ်တော် ခေါ်ယူ ဖွဲ့စည်းရေးကိစ္စကိုပဲ အရင် ဦးစားပေး ဆောင်ရွက်နေပါ တယ်။ ပြည်သူ့ လွှတ်တော် ဥပဒေ အမျိုးသား လွှတ်တော် ဥပဒေအရ ဆောင်ရွက်နေတာပါ။ လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ ဖွဲ့စည်း ပြီးသွားပြီ၊ UEC ဥက္ကဋ္ဌ ပါတယ်၊ ကျွန်တော်တို့ ဆီက ဒေါ်မေဝင်းမြင့် ပါတယ်၊ တပ်မတော်က ဗိုလ်မှူးကြီး ကျော်ကျော်ဝင်း ပါတယ်၊ နောက်ပြီး ပြည်ထောင်စု လွှတ်တော် ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးလည်း ပါပါတယ်”ဟုလည်း ပြောကြားခဲ့ သည်။

ယနေ့ ပြုလုပ်သည့် အစည်းအဝေးသည် ပုံမှန် အစည်းအဝေး ဖြစ်ပြီး ပါတီကိစ္စများကို အဓိက ထား ဆွေးနွေးခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁ ရက်နေ့လွှတ်တော်ခေါ်သည့်အခါ လွှတ်တော်၏ လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း၊ တိုင်းရင်းသားများနှင့် ပတ်သက် သည့် အစီရင်ခံစာ ဖတ်ကြားခဲ့ကြောင်း၊ တိုင်းရင်းသားများနှင့် တွေ့ဆုံခဲ့ရာ ကယားနှင့် မွန် တွင် အခက်အခဲ အနည်းငယ် ရှိခဲ့သော်လည်း ရှမ်းနှင့် ကချင်တွင် အဆင်ပြေခဲ့ကြောင်း၊ ရွေးကောက်ပွဲ တွင် အနိုင်ရခဲ့သည့် တိုင်းရင်းသား ပါတီများကို ဂုဏ်ပြုခြင်းနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရာတွင် ပူးပေါင်း ဆောင်ရွက်လာကြရေးအတွက် ရည်ရွယ်ပြီး သွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယေဘုယျ ခြုံပြီး သုံးသပ်ရလျှင် တိုင်းရင်းသားနေရာများသို့ သွားရောက် တွေ့ဆုံမှုသည် အကျိုး ရှိသည်ဟု သုံးသပ်နိုင်ကြောင်း၊ ရခိုင်ဒေသ ကိုမူ လုံခြုံရေးအရ သွားနိုင်ရန် စဉ်းစားနေရ ကြောင်း၊ ကရင်က ကမ်းလှမ်းထားခြင်း သိပ်မရှိကြောင်း၊ အစိုးရဖွဲ့ခြင်းကို မတ်လမှ ဆောင်ရွက် မည် ဖြစ်သောကြောင့် သွားမည်ဆိုလျှင် အချိန်ရှိသေးကြောင်း၊ အစိုးရဖွဲ့သည့်အခါ အုပ်ချုပ်ရေး ပိုင်းတွင် တိုင်းရင်း သားများကို နေရာပေးဖို့ယခင်ကထက် အခွင့်အရေး ပိုကောင်းကြောင်း၊ တိုင်းပြည် အကျိုး အတွက် အကောင်းဆုံး လုပ်နိုင်မည့်သူဆိုလျှင် ပြည်ထောင်စု အဆင့်မှာ ပါလာနိုင်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်နေရာအတွက် NLD ပါတီ အပေါ် သစ္စာရှိသူ၊ အရည်အချင်း ရှိသူ၊ ပြည်သူနှင့် ဆက်ဆံရေး ကောင်းမွန်သူ ဖြစ်ဖို့ လိုကြောင်း၊ တိုင်းပြည်အတွက် အကောင်းဆုံး ဖြစ်စေရန် ရွေးချယ်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)