Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံရှိ မြို့နှစ်မြို့တွင် နှစ်ပေါင်း ၆၀ နီးပါးအတွင်း အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့အား တွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိမြို့ နှစ်မြို့တွင် မေ ၃၁ ရက် ၌ နှစ်ပေါင်း ၆၀ နီးပါးအတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ ဇွန် ၁ ရက်တွင် ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တို့၌ ဖြစ်ပွားခဲ့သည့် အမြင့်ဆုံးအပူချိန်စံချိန်သစ် ဖြစ်ပေါ်မှုဇယားကို တွေ့ရစဉ် (ဓာတ်ပုံ- မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

မြန်မာနိုင်ငံ အနောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် နှစ်ပေါင်း ၅၈ နှစ်အတွင်း ၄၂.၃ ဒီဂရီစင်တီဂရိတ်အထိ အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် နှစ်ပေါင်း ၅၇ နှစ်အတွင်း ၄၁.၈ ဒီဂရီစင်တီဂရိတ်အထိ အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အခြားမြို့များတွင်လည်း ယခုနှစ် ဧပြီလနှင့် မေလတို့တွင် အပူချိန်မြင့်မားမှုများဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဦးလှထွန်းက “မိုးမရွာတဲ့ အချိန်တွေမှာ အပူချိန်တွေက မြင့်တက်ပါတယ်။ ဒီနှစ်က အယ်နီညို စတင်နေပါပြီ။ ဒါကြောင့် အစွန်းရောက်ရာသီဦတုဖြစ်စဉ်တွေဖြစ်တဲ့ ပုံမမှန်တဲ့ မိုးရွာသွန်းမှုတွေ၊ လေပြင်းတိုက်ခတ်ခြင်းတွေ၊လျှပ်စီးပြက်ခြင်း၊ မိုးကြိုးပစ်ခြင်းတွေ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

မုတ်သုံဝင်ရောက်ခြင်းမရှိသေးသော ဧပြီလ နှင့် မေလတို့သည် မြန်မာနိုင်ငံတွင် အပူဆုံးလများဖြစ်ကြောင်း သိရသည်။ (Xinhua)