Social
ဆင်စခန်း ၁၂ ခုမှ အကျိုးအမြတ်များကို ဆင်ထိန်းများလူနေမှုဘဝမြှင့်တင်ရေးအတွက်အသုံးပြုသွားမည်
ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံအတွင်း ခရီးသွားလုပ်ငန်း များအဖြစ် ဖော်ဆောင် ထားသော ဆင်စခန်း ၁၂ ခုမှ အကျိုးအမြတ် များကို ဆင်များနှင့် ဆင်ထိန်းများ၏ လူနေမှုဘဝ မြှင့်တင်ရေး အတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တော ဦးစီးဌာန (သစ်လုပ်ငန်း) တာဝန်ရှိသူ တစ်ဦးကပြောသည်။
အဆိုပါ ဆင်စခန်း အများစုသည် တောနက်အတွင်း ရှိနေခြင်းကြောင့် ပြည်တွင်းပြည်ပ ခရီးသွားများ သွားလာရေး လွယ်ကူ စေနိုင်မည့် နေရာများ၊ ခရီးသွား အေဂျင်စီများ အဆင်ပြေ စေမည့် လမ်းကြောင်းများ၊ ဆင်စခန်းနှင့် ဆုံနိုင်မည့် နေရာနှင့် ရှုခင်းကောင်းသော နေရာများ၌ ရွေးချယ်ဆောင်ရွက် ထားကြောင်း၊ လက်ရှိဖော်ဆောင် ထားသော ဆင်စခန်းများ အပြင် တခြားဆွဲဆောင်မှု ရှိသော ဆင်စခန်း များကိုလည်း တိုးချဲ့သွားရန် ရှိပြီး ဆင်စခန်း များ၌ ဆင်အကောင်ရေ ၁ဝ ကောင်မှ ၂ဝ အတွင်းထားရှိ သွားမည် ဖြစ်ကြောင်း၊ ခရီးသွား ဧည့်သည်များထံမှ ရရှိသော အကျိုးအမြတ် များကို ဆင်များနှင့် ဆင်ထိန်းများ အတွက် အသုံးပြုမည် ဖြစ်ပြီး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာဖွေ ပေးခြင်းလည်း ဖြစ်ကြောင်း သိရသည်။
ယင်းဆင်စခန်း များသို့ လာရောက် လည်ပတ်သော ပြည်တွင်း၊ ပြည်ပ ခရီးသွားများကို ဝင်ကြေး ကောက်ခံရာတွင် ပြည်တွင်း ခရီးသွား တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝ၊ ဆင်စီးခ အနေဖြင့် ငွေကျပ် ၃ဝဝဝ ကျသင့်မည် ဖြစ်ကြောင်း၊ ပြည်ပခရီးသွား တစ်ဦးလျှင် ဝင်ကြေးငွေကျပ် ၂ဝ,ဝဝဝ၊ ဆင်စီးခ အနေဖြင့် ငွေကျပ် ၂ဝ,ဝဝဝ ကောက်ခံမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားအများစုက စိတ်ဝင်စားမှု ရှိသောကြောင့် ပဲခူးရိုးမ အတွင်း သစ်ထုတ်လုပ်ငန်း များမှ ရပ်နား လိုက်သဖြင့် ကျန်ရှိနေသော ဝန်တင်ဆင်များ၊ ဆင်အိုများဖြင့် မြန်မာနိုင်ငံရှိ ဆင်စခန်း ၁၂ ခုကို သဘာဝ အခြေပြု ခရီးသွားလုပ်ငန်း အဖြစ် ပြောင်းလဲ ဖော်ဆောင်ပေး ထားခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)