Connect with us

Social

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ၂၄ နာရီ ဝန်ဆောင်မှု ပေးနိုင်သည့် Premium Service Lounge စတင် ဖွင့်လှစ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 ၌ Mingalar Sky Lounge ကို ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ် (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ)

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အသုံးပြုသူ ခရီးသည်များ ခရီးသွားလာရာတွင် လွယ်ကူ မြန်ဆန် ချောမွေ့စေရန် ၂၄ နာရီပတ်လုံး ဝန်ဆောင်မှု ပေးသွားမည့် ကြယ်ငါးပွင့်အဆင့်ရှိ Mingalar Sky Premium Lounge ကို ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ယနေ့သြဂုတ် ၂၁ ရက်တွင် စတင် ဖွင့်လှစ် လိုက်ကြောင်း သိရသည်။

Mingalar Sky Premium Lounge ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ၊ လေကြောင်း ပို့ဆောင် ရေး ညွှန်ကြားမှု ဦးစီးဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင် အပါအဝင် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာန နှင့် လေကြောင်းလိုင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက “ဒါဟာ လေဆိပ်ရဲ့အင်္ဂါရပ် တစ်ခု ထပ်ပြီး ပြည့်စုံသွားတာပေါ့လေ။”ဟု အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ Mingalar Sky Lounge သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 တွင် တည်ရှိကြောင်း ၊ Terminal 1 တွင် အခြား Lounge နှစ်ခု နှင့် Terminal 3 တွင် Lounge တစ်ခု ဖွင့်လှစ်ထားပြီး ဖြစ်ရာ ယခု ဖွင့်လှစ်သည့် Mingalar Sky Premium Lounge သည် လေးခုမြောက် ဖြစ်ကြောင်း သိရသည်။

လေကြောင်း ပို့ဆောင် ရေး ညွှန်ကြားမှု ဦးစီးဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က “ခရီးသွားများ အတွက် တစ်ဖက်တစ်လမ်းက လိုအပ်နေတာက လောလောဆယ် ပေးထားတဲ့ service တွေအပြင်ကို Premium service မပေးနိုင်ခဲ့တာ အခု ဒီနေ့က စပြီးတော့မှ Premium service ပေးဖို့အတွက်ကို ဆောင်ရွက်နိုင်တဲ့ ခြေလှမ်း တစ်ရပ် ဖြစ်ပါတယ်။”ဟု အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဖွင့်ပွဲ အခမ်းအနားတွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အဖွင့် အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

ဖွင့်ပွဲ အခမ်းအနားတွင် လေကြောင်း ပို့ဆောင် ရေး ညွှန်ကြားမှု ဦးစီးဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

Mingalar Sky Lounge အား တွေ့ရစဉ်(ဆင်ဟွာ)

Mingalar Sky ကုမ္ပဏီလီမီတက်မှ စီမံခန့်ခွဲသွားမည့် အဆိုပါ Lounge တွင် ခရီးစဉ် ကူးပြောင်း စီးနင်းမည့် ခရီးသည်များ နှင့် အခြား ခရီးသည်များ အတွက် Free Seating Area တွင် ခရီးသည် အများဆုံး ၈၀ ဦး နှင့် လူဆယ်ဦး အထိ လက်ခံ ဝန်ဆောင်မှု ပေးသွားနိုင်မည့် သီးသန့်နားနေခန်း ခြောက်ခန်းတို့ဖြင့် ၂၄ နာရီပတ်လုံး ဖွင့်လှစ် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ခရီးသည် သုံးဦး အထိ အသုံးပြုနိုင်မည့် “Departure Service Package”ကို အမေရိကန် ဒေါ်လာ ၂၀၀ သို့မဟုတ် ၎င်းနှင့် ညီမျှသော မြန်မာကျပ်ငွေဖြင့် ဝယ်ယူပြီး ဝန်ဆောင်မှု ရယူ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၃၃ လိုင်း နှင့် အပြည်ပြည်ဆိုင်ရာ ခရီးစဉ် ၃၃ ခုအား ဝန်ဆောင်မှု ပေးလျက် ရှိသော ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ၂၀၁၈ ခုနှစ် အတွင်း ခရီးသည် စုစုပေါင်း ၆.၀၃၅ သန်းကို ဝန်ဆောင်မှု ပေးနိုင်ခဲ့ကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား စီမံခန့်ခွဲလျက် ရှိသည့် Yangon Aerodrome ကုမ္ပဏီထံမှ သိရသည်။(Xinhua)