Connect with us

Social

တစ်ခေတ်တစ်ခါက မော်တော်ယာဉ်များကို သစ်သားဖြင့် ပုံစံငယ် ဖန်တီးနေသည့် မြန်မာ့ လက်မှု ပညာရှင်


ရန်ကုန် ၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့တော် ရန်ကုန်၌ မြန်မာ့ လက်မှု ပညာရှင် တစ်ဦး ဖြစ်သူ ကိုဇေယျာက ခေတ်ဟောင်းကာလက မော်တော်ယာဉ်များကို သစ်သားဖြင့် အသေးစား ဖန်တီး ပုံဖော်နေသည်မှာ သုံးနှစ် ဝန်းကျင် ရှိလာခဲ့ပြီ ဖြစ်ပါသည်။

ဒုတိယ ကမ္ဘာစစ် ကာလဝန်းကျင်က ထုတ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် အများဆုံး တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့သော ယင်းမော်တော်ယာဉ်ဟောင်းများကို ကိုဇေယျာက ပုံစံတူ ပြုလုပ်လိုသည့် ၎င်း၏ ဝါသနာကို ၂၀၁၆ ခုနှစ်တွင် စတင် အကောင်အထည် ဖော်လာခဲ့သည်။

ကိုဇေယျာ ဖန်တီးပုံဖော်ထားသည့် မော်တော်ယာဉ် ပုံစံငယ်များအား တွေ့ရစဉ်(ဆင်ဟွာ)

ကိုဇေယျာသည် ၎င်း၏ ဝါသနာကို အကောင်အထည် မဖော်မီက ကားစက်ပြင် အလုပ်ရုံများတွင် ဆယ်စုနှစ် တစ်ခု အကြာ လုပ်ကိုင်ခဲ့သည်ဟု ဆိုသည်။

“ကျွန်တော် လက်ရာတွေကို လုပ်တဲ့ အခါမှာ သစ်သားက ထွင်းရ ၊ လှီးရတာ လွယ်ကူတဲ့ အတွက် သစ်သား နဲ့အဓိက လုပ်ဖြစ်ပါတယ်။ ကလေး ဘဝတွေထဲက မော်တော်ယာဉ်တွေနဲ့အကျွမ်းတဝင် ဖြစ်ခဲ့တော့ အသေးစား ပုံစံတူ ပြုလုပ်ရတာ ကျွန်တော် အတွက် မခက်ခဲစေပါဘူး။”ဟု ကိုဇေယျာက ဆင်ဟွာသို့ပြောကြားခဲ့သည်။

မော်တော်ယာဉ်ဟောင်းများကို ပုံစံငယ် ပြုလုပ်နေသူ ကိုဇေယျာကို တွေ့ရစဉ်(ဆင်ဟွာ)

ကိုဇေယျာ ဖန်တီးပုံဖော်ထားသည့် မော်တော်ယာဉ် ပုံစံငယ်များအား တွေ့ရစဉ်(ဆင်ဟွာ)

ကိုဇေယျာ၏ ဖခင် ဖြစ်သူမှာ မော်တော်ယာဉ် မောင်းနှင်သူ တစ်ဦး ဖြစ်သဖြင့် ၎င်း၏ ငယ်စဉ် ကလေးဘဝ တစ်လျောက် မော်တော်ယာဉ်များပေါ်တွင် အချိန်အများဆုံး ကုန်ဆုံး လာသူ ဖြစ်ခဲ့သည်။ထို့အတွက်ကြောင့် ကလေးဘဝ အချိန် ကတည်းက မော်တော်ယာဉ်များအပေါ် ချစ်မြတ်နိုးသည့် အရင်းခံစိတ်များ ဖြစ်တည်လာခဲ့ပြီး ကြီးပြင်းလာချိန်တွင် ငယ်စဉ်က တွေ့ကြုံခဲ့ရသည့် မော်တော်ကား အသေးစား ပုံစံငယ်များကို ဖန်တီးပြုလုပ်ခဲ့သည်။

လုပ်သက် သုံးနှစ် အတောအတွင်း မော်တော်ယာဉ်ဟောင်းများကို ချစ်မြတ်နိုးပြီး ပုံစံတူ ပြုလုပ်လိုသည့် ၎င်း၏ ဝါသနာကို အကောင်အထည် ဖော်လာခဲ့ရာမှ ယခုအခါတွင် ကိုဇေယျာ၏ အနုစိတ်လှသော သဏ္ဍန်လုပ် သရုပ်တူသည့် လက်ရာ များကြောင့် မော်တော်ယာဉ်ဟောင်း ပုံစံငယ်များကို အရူးအမူး နှစ်ခြိုက် စုဆောင်းသူများထံမှ အားပေးမှု အမြောက်အများ ရရှိခဲ့ပြီး လာမည့် နှစ်လ အတွက်ပင် ကြိုတင် မှာယူထားမှုများ ရှိနေသည်။

ကိုဇေယျာ ဖန်တီးပုံဖော်ထားသည့် မော်တော်ယာဉ် ပုံစံငယ်များအား တွေ့ရစဉ်(ဆင်ဟွာ)

ကိုဇေယျာ ဖန်တီးပုံဖော်ထားသည့် မော်တော်ယာဉ် ပုံစံငယ်များအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ပျောက်ကွယ်လုနီးပါး ဖြစ်လာသည့် မာဇဒါ( Mazda )ယာဉ်အမျိုးအစား (ကေ ၃၆၀ ၊ ဘီ ၃၆၀ ၊ ဘီ ၆၀၀ ) ၊ သုံးဘီး ဟီးနိုး (Hino) ဘီအမ်ကား ၊ တီအီးကား နှင့် ချက်ပလက်(Chevrolet) ဘတ်စ်ကား နှင့် ဒေါ့ဂျစ်(Dodge) မော်တော် ယာဉ်ဟောင်းများကို ကိုဇေယျာက အသေးစား ပုံစံတူ အနုစိတ် ဖန်တီး ပုံဖော်ခဲ့ပြီး တန်ဖိုးအားဖြင့် အနည်းဆုံး ငွေကျပ် ခုနှစ်သောင်း မှ အများဆုံး နှစ်သိန်းကျပ် အထိ ရှိနေသည်။

အရာဝတ္ထူ ပုံစံငယ်များကို စုဆောင်းကြခြင်းမှာ ထူးဆန်းသည့် အလေ့အထ တစ်ခု မဟုတ်ပေ။ကိုဇေယျာထံတွင် မော်တော်ယာဉ် ပုံစံငယ် အပ်နှံသူ အများစုမှာ လက်ရှိ အချိန်တွင် သယ်ယူပို့ဆောင်ရေး ကဏ္ဍ အတွင်း ပျောက်ကွယ် နေပြီဖြစ်သည့် မော်တော်ယာဉ် နှင့် ပတ်သက်သော ၎င်းတို့၏ အမှတ်တရဟောင်း ထိန်းသိမ်းလိုသည့် အတွက်ကြောင့် ဖြစ်ကြသည်။

“အထူးသဖြင့် ၁၉၃၂-၁၉၃၅ ခုနှစ် ကာလမှ မော်တော်ကားဟောင်းတွေကို ပိုပြီး စိတ်ဝင်စားတယ်။ယခုခေတ်ပေါ်ကား ပုံစံတွေကို တော့ သိပ်မကြိုက်ဘူး။” ဟု ကိုဇေယျာက ပြောသည်။

၎င်း၏ မော်တော်ယာဉ် ပုံစံငယ် ဖန်တီးမှု လက်ရာ ၉၀ ရာခိုင်နှုန်းမှာ သစ်သားဖြင့်သာ ပြုလုပ်ခဲ့ပြီး ကားစတီယာရင်တိုင် အပါအဝင် တစ်ချို့အစိတ်အပိုင်းများအား သံပြား ၊ ကြေး များဖြင့် ပြုလုပ်ခဲ့သည်ဟု ဆို၏ ။“ကျွန်တော် အတွက် ပုံစံတူ တစ်ခု လုပ်ဖို့အနည်းဆုံး ငါးရက်လောက် အချိန်ယူရပါတယ်။ တစ်ချို့မှာယူတဲ့ မော်တော် ယာဉ် ပုံစံငယ်တွေမှာ ဆိုရင် စတီယာရင်တိုင်နဲ့တံခါး အဖွင့်အပိတ် ကအစ အတိအကျ အနုစိတ် လုပ်ရပါတယ်။” ဟု ကိုဇေယျာက ပြောသည်။

မော်တော်ယာဉ် ပုံစံငယ်တွင် ကားအစိတ်အပိုင်းများ အားလုံးကို ၎င်းကိုယ်တိုင် ဒီဇိုင်းရေးဆွဲထားပြီး တကယ့် အစစ် အတိုင်း မော်တော်ယာဉ်များတွင် အသုံးပြုသော မှုတ်ဆေး အသုံးပြုထားသည်ဟု ဆို၏ ကိုဇေယျာ၏ ကြိုးစားအားထုတ်မှု ၊ လက်ရာ ပြောင်မြောက်မှုများကြောင့် ၎င်း၏ လက်မှုအတတ်ပညာကို အားပေးသူ များက နှစ်ခြိုက် သဘောကျကြကာ ဝယ်ယူစုဆောင်းခဲ့ကြသည်။

“သူ့ရဲ့နောက်ဆုံး လက်ရာတွေမှာ သူရဲ့ကျွမ်းကျင်မှုက ပိုကောင်းလာတာ တွေ့ရပြီး တကယ့်ကားတွေနဲ့ ပိုလို့ တူလာ ပါတယ်။” ဟု ကိုဇေယျာ၏ လက်ရာများကို အားပေးလျက် ရှိနေသူ ကိုဇွဲကိုကိုမြင့်က ဆင်ဟွာသို့ပြောသည်။

“ကျွန်တော်ဆီမှာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲ ၂၀၁၇ ခုနှစ်လောက်ထဲက သူ့လက်ရာ မော်တော်ကား ပုံစံငယ်တွေ ဝယ်ယူစုဆောင်းခဲ့တာပါ။အနည်းဆုံး ခြောက်စီး ၊ ခုနှစ်စီးလောက် ရှိပါတယ်။ဈေးနှုန်း အများဆုံး တစ်ခု ဆိုရင် တစ်သိန်းရှစ်သောင်းလောက်အထိ ပေးပြီး ဝယ်ခဲ့ဘူး ပါတယ်။” ဟု ၎င်းက ပြောကြားခဲ့သည်။

အသက် ၃၉ နှစ် အရွယ် ရှိသူ လက်မှုပညာရှင် ကိုဇေယျာသည် နေ့စဉ် အလုပ်လုပ်ချိန်ကို နံနက် အစောပိုင်းမှ ညနေ ငါးနာရီ အချိန် အထိ သတ်မှတ်ထားသည်ဟု ဆိုသည်။

“ကျွန်တော် စက်သံတွေကြောင့် အိမ်နီးနားချင်းတွေ အနှောင့်အယှက် ဖြစ်မှာ စိုးရိမ်တဲ့ အတွက် ညပိုင်းမှာ ကျွန်တော် မလုပ်တော့ဘူး။” ဟု ၎င်းက ပြောသည်။

မော်တော်ယာဉ် ပုံစံတူ အသေးစားများအား အရူးအမူး စုဆောင်းသူများက ကိုဇေယျထံ မှာယူမှု အများအပြား ရှိနေကြ သော်လည်း ကိုဇေယျာက အဆိုပါ လုပ်ငန်းကို ချဲ ့ထွင်ရန် မရည်ရွယ်ထားဘဲ အများဆုံး မှာယူမှု ၁၀ ခုသာ လက်ခံပြီး တစ်လတွင် မော်တော်ကား အသေးစား ပုံစံတူ လေးခုထိသာ ပြုလုပ်လျက် ရှိနေသေးသည်။(Xinhua)