Sport
မြန်မာ့လက်ရွေးစင် အသင်းယှဉ်ပြိုင်ရမည့် ကမ္ဘာ့ဖလားနှင့် အာရှဖလား ခြေစစ်ပွဲများအား ၂၀၂၀ပြည့်နှစ် အောက်တိုဘာနှင့် နိုဝင်ဘာတို့တွင် ပြန်လည် ကျင်းပမည်
ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)
မြန်မာ့လက်ရွေးစင် အသင်းယှဉ်ပြိုင်ရမည့် ကမ္ဘာ့ဖလားနှင့် အာရှဖလား ခြေစစ်ပွဲများအား ၂၀၂၀ပြည့်နှစ် အောက်တိုဘာနှင့် နိုဝင်ဘာတို့တွင် ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း အာရှ ဘောလုံးအဖွဲ့ချုပ်က ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ဆင်ဟွာကို ဇွန် ၆ ရက်တွင် ပြောသည်။
ဦးကိုကိုသိန်းက “ဒီပွဲစဉ်တွေက COVID-19 ကြောင့် ခဏရပ်နားထားတဲ့ပွဲစဉ်တွေပါ။ လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ်ကတော့ အမြန်ဆုံး စခန်းသွင်းပြီးလေ့ကျင့်ချင်တဲ့ အနေအထားမှာ ရှိပါတယ်။ လက်ရှိပြိုင်ပွဲတွေ နဲ့ ပတ်သက်ပြီးတော့ COVID-19 ရဲ့ အနေအထားရယ်ပေါ်မူတည်ပြီး ဘယ်အချိန်မှာ စခန်းသွင်းလေ့ကျင့်မယ် ဆိုတာ ကတော့ ပြောလို့ မရတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါပေမယ့် အဖွဲ့ချုပ်အနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကို တင်ပြသွားဖို့ရှိပါတယ်’’ ဟုပြောသည်။
မြန်မာ့လက်ရွေးစင် အသင်းသည် ဂျပန် အသင်းနှင့် အဝေးကွင်းပွဲစဉ်အဖြစ် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၈ ရက် တွင်လည်းကောင်း၊ အဆိုပါပွဲစဉ်အပြီး ၅ ရက်မြောက်နေ့ဖြစ်သည့် အောက်တိုဘာ ၁၃ ရက်နေ့တွင် ကာဂျစ္စတန် အသင်းနှင့် အိမ်ကွင်း ပွဲစဉ်အဖြစ် မန္တလေးမြို့ တွင်လည်းကောင်း ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း၊အုပ်စု နောက်ဆုံး ပွဲစဉ်ဖြစ်သည့် တာဂျစ်ကစ္စတန် အသင်းနှင့် အဝေးကွင်းပွဲစဉ်ကိုမူ နိုဝင်ဘာလ ၁၇ ရက်တွင် သွားရောက် ယှဉ်ပြိုင် ကစားရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။ (Xinhua)