Connect with us

Sport

COVID-19 ရောဂါကြောင့်ရွှေ့ဆိုင်းထားသည့် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲကို ဇူလိုင် ၁၆ ရက်တွင်ပြန်လည်စတင်ရန် စီစဉ်နေ

မြန်မာ့လက်ရွေးစင်အသင်းယှဉ်ပြိုင်ကစားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

COVID-19 ရောဂါကြောင့်   ရွှေ့ဆိုင်း ထားသည့် ၂၀၂၀ ရာသီ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲကို ဇူလိုင် ၁၆ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ ပြန်လည်ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။ 

၎င်းက “မြန်မာနေရှင်နယ်လိဂ်ကော်မတီဟာ  ပြည်တွင်းပြိုင်ပွဲတွေ  ပြန်ပြီးကျင်းပနိုင်ဖို့  မနေ့ကလုပ်တဲ့  လိဂ်ကော်မတီအစည်းအဝေးမှာ  ညှိနှိုင်း ဆွေးနွေးခဲ့ပြီး သဘောတူညီမှုရခဲ့တဲ့အတွက် သက်ဆိုင်ရာကို ဆက်လက် တင်ပြပြီး ခွင့်ပြုချက်တောင်းခံသွားမှာပါ’’ ဟုဆင်ဟွာသို့ဖြေကြားခဲ့သည်။ 

MNL စီနီယာလိဂ်ပြိုင်ပွဲကို ဇူလိုင် ၁၆ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ သုဝဏ္ဏကွင်း၊ YUSC ကွင်း၊ ပဒုမ္မာကွင်းတွင်လည်းကောင်း၊ MNL-2 (ပထမတန်း) ပြိုင်ပွဲ ဒုတိယအကျော့ကို ဇူလိုင် ၂၂ ရက်မှ ဩဂုတ် ၂၈ ရက်အထိ ပဒုမ္မာကွင်း၊ စလင်းကွင်း၊ ဗဟန်း M-3 ကွင်းနှင့် တောင်ဒဂုံကွင်းတွင်လည်းကောင်း၊ ဗိုလ်ချုပ် အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကို ဇူလိုင် ၁၆ ရက်မှ စက်တင်ဘာ ၂၆ ရက်အထိ သုဝဏ္ဏကွင်း၊ ပဒုမ္မာကွင်း၊ စလင်းကွင်း၊ ဗဟန်း M-3 ကွင်းနှင့် တောင်ဒဂုံကွင်း တွင်လည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။

သက်ဆိုင်ရာမှ ပြိုင်ပွဲများ ကျင်းပရန် ခွင့်ပြုပါက MNL အမှတ်ပေးပြိုင်ပွဲ အပါအဝင် MNL-2 (ပထမတန်း)        အမှတ်ပေးပြိုင်ပွဲ၊     ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတို့ကို  ဆက်လက်ကျင်းပသွားမည် ဖြစ်ပြီး လူငယ်လိဂ်ပြိုင်ပွဲများဖြစ်သည့် ယူ-၁၉ နှင့်   ယူ-၂၁ လိဂ်ပြိုင်ပွဲတို့ကို ဖျက်သိမ်းခဲ့ကြောင်းသိရသည်။ MNL စီနီယာလိဂ်ပြိုင်ပွဲကို ပွဲစဉ် (၁၀)  ကျင်းပနေသည့် ကာလတွင် ရပ်နားခဲ့ခြင်းဖြစ်ပြီး MNL-2 ပြိုင်ပွဲမှာ  ပထမအကျော့အပြီးတွင် ရပ်နားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။  

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း  ရှုံးထွက်ပြိုင်ပွဲကို  ပထမအဆင့်မကျင်းပမီမှာပင်     ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်ကြောင်း၊     မြန်မာ့လက်ရွေးစင်အသင်းသည်  အောက်တိုဘာမှစတင်ကာ နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန်ရှိသောကြောင့်   MNL    ပြိုင်ပွဲကို စက်တင်ဘာလတွင် အပြီးကျင်းပခြင်းဖြစ်ကြောင်း၊ ပြည်တွင်းပြိုင်ပွဲအားလုံးကို  COVID-19 ရောဂါကြောင့် မတ် ၂၄ ရက်ကတည်းက ရပ်နားထားကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.