Connect with us

Economy

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့က လေအားလျှပ်စစ်စီမံကိန်းများဆိုင်ရာ သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုး

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်အတွင်းရှိ လေအားလျှပ်စစ်စီမံကိန်းများဆိုင်ရာ သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် လေအားလျှပ်စစ်စီမံကိန်းများ ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့ သဘောတူညီမှုစာချွန်လွှာ (MoA) လက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မတ် ၂ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။

နေပြည်တော်၌ မတ် ၂ ရက်က ကျင်းပသည့် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင် က မြန်မာနိုင်ငံဟာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ လေ၊ နေစွမ်းအင်၊ ရေနဲ့ သဘာဝဓာတ်ငွေ့တွေ ပေါကြွယ်ဝကြောင်း၊ လျှပ်စစ်ဓာတ်အား ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံအတွက် အကျိုးရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်ကုမ္ပဏီများသည် မြန်မာတစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားရရှိရေး ရည်မှန်းချက်ကို ၂၀၃၀ ပြည့်နှစ်အရောက်တွင် အောင်မြင်စေရန်အတွက် မြန်မာ့လျှပ်စစ်စီမံကိန်းများ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယင်းပူးပေါင်းဆောင်ရွက်မှုမှာ မြန်မာနိုင်ငံတွင် ပထမဆုံးသော လေအားလျှပ်စစ်စီမံကိန်းများဖြစ်ပြီး တရုတ်-မြန်မာ ဓာတ်အားပေးပူးပေါင်းဆောင်ရွက်မှု၏ ခြေလှမ်းသစ်တစ်ရပ်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံသားအားလုံးအတွက် စွမ်းအင်ဖူလုံမှုသည် မရှိမဖြစ် အရေးကြီးပြီး စွမ်းအင်ရရှိသည့် အရင်းအမြစ်မှာ ကန့်သတ်ချက်များ ရှိနေကြောင်း မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားသည်။

စီမံကိန်းများ အကောင်အထည်ဖော်ရာ၌ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများကို လိုက်နာရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် အဆိုပါစီမံကိန်းမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် ကုမ္ပဏီများအား ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် အမ်း၊ ဂွနှင့် သံတွဲမြို့နယ်များတွင် တည်ဆောက်မည့် လေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ ပြီးစီးပါက ၃၆၀ မဂ္ဂါဝပ် (MW) ထွက်ရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.