Connect with us

Sino-Myanmar

တရုတ်ပုံရိပ်ရုပ်ရှင် သီတင်းပတ် ၂၀၂၃ ကို ရန်ကုန်မြို့တွင် စတင်ကျင်းပ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံမှူးကြီး Dr. Zheng Zhihong က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်၌ ရန်ကုန်မြို့၊ တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပသည့် တရုတ်ပုံရိပ်ရုပ်ရှင် သီတင်းပတ် ၂၀၂၃ ဖွင့်ပွဲ အခမ်းအနား၌ မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်ပုံရိပ်ရုပ်ရှင် သီတင်းပတ် ၂၀၂၃ ကို ရန်ကုန်မြို့၊ တရုတ်ယဉ်ကျေးမှုစင်တာတွင် နိုဝင်ဘာ ၂၃ ရက်၌ တရားဝင်စတင်ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ China Media Group နှင့် ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတို့ ပူးပေါင်းစီစဉ်သည့် အဆိုပါရုပ်ရှင် သီတင်းပတ်ကို နိုဝင်ဘာ ၂၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံမှူးကြီး Dr. Zheng Zhihong က “ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံနဲ့အတူ ရုပ်ရှင်အပါအဝင် လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်မှုများ မြှင့်တင်ကာ မြန်မာပြည်သူများနဲ့ တရုတ်ပုံပြင်အကြောင်းများစွာ မျှဝေလိုတဲ့အပြင် တရုတ်ပြည်သူတွေက အရောင်အသွေးစုံလင်လှတဲ့ မြန်မာနိုင်ငံအကြောင်း နားလည်သိရှိနိုင်ဖို့ မြန်မာ့ရုပ်ရှင်လက်ရာကောင်းများကို တရုတ်နိုင်ငံမှာ ပြသဖို့ ကြိုဆိုပါတယ်။ တရုတ်-မြန်မာ ချစ်ကြည်ရေးဟာ ခေတ်အဆက်အဆက် လက်ဆင့်ကမ်းသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်လာကတည်းက တရုတ်-မြန်မာဆက်ဆံရေးဟာ နိုင်ငံတကာအခြေအနေ ပြောင်းလဲမှုကို ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်” ဟုပြောကြားခဲ့သည်။

ရန်ကုန်မြို့၊ တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပသည့် တရုတ်ပုံရိပ်ရုပ်ရှင် သီတင်းပတ် ၂၀၂၃ ဖွင့်ပွဲ အခမ်းအနား၌ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်က မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့၊ တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပသည့် တရုတ်ပုံရိပ်ရုပ်ရှင် သီတင်းပတ် ၂၀၂၃ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက “ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးနားချင်းနိုင်ငံဖြစ်ပြီးတော့ သံတမန်ဆက်ဆံရေးထူထောင်ခဲ့တာလည်း နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီလို့ ပြောရမှာဖြစ်ပါတယ်။ နိုင်ငံချင်း အပြန်အလှန်ယုံကြည်မှုတွေ၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတွေ၊ ပြည်သူချင်း မကြာခဏ ထိတွေ့ဆက်ဆံမှုတွေ နိုင်ငံတကာနဲ့ ဒေသဆိုင်ရာပြဿနာပေါ်မှာ နီးနီးကပ်ကပ် ဆောင်ရွက်ပူးပေါင်းမှုတို့ကို နှစ်နိုင်ငံ မြင့်မြင့်မားမား ဆောင်ရွက်လျက်ရှိပါတယ်။ နှစ်နိုင်ငံကြား အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် ကူညီပံ့ပိုးမှုတို့အပေါ် အခြေခံခြင်းအားဖြင့် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမိုအားကောင်းစေပြီး နှစ်နိုင်ငံပြည်သူတွေအတွက် ပိုမိုအကျိုးဖြစ်ထွန်းမှုတွေ ဆောင်ယူလာနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟုပြောကြားခဲ့သည်။
အနုပညာသည် အစိုးရချင်းသာမက ပြည်သူအချင်းချင်းအတွက်လည်း များစွာထိရောက်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းကဆိုသည်။

“မြန်မာနိုင်ငံမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက ကြီးမှူးပြီးတော့ တရုတ်ရုပ်ရှင်ပွဲတော်ကို နှစ်စဉ်ကျင်းပခဲ့ပါတယ်။ မြန်မာ ပရိသတ်တွေ အနေနဲ့ တရုတ်ရုပ်ရှင်ကားတွေကို အရင်ကတည်းက နှစ်ခြိုက်ခဲ့တဲ့အတွက် နှစ်စဉ်ကျင်းပတဲ့ တရုတ်ရုပ်ရှင်ပွဲတော်တွေမှာ စိတ်အားထက်သန်စွာနဲ့ ကြည့်ရှုကြပါတယ်။ ကျွန်တော်လည်း တရုတ်ဇာတ်လမ်းတွဲတွေကို ကြိုက်ပါတယ်” ဦးမောင်မောင်အုန်းကပြောသည်။

ယခုအကြိမ် “တရုတ်ပုံရိပ်ရုပ်ရှင်သီတင်းပတ်” တွင် ရုပ်ရှင်ဇာတ်ကားများကို ၅ ရက်ဆက်တိုက် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ ကျေးလက်ဒေသရှင်သန်တိုးတက်ရေးအကြောင်း ရိုက်ကူးတင်ဆက်ထား သော ရုပ်ရှင် “အတွင်းရေးမှူး အားရှာ” ၊ China Media Group မှ ထုတ်လုပ်သော လူမှုယဉ်ကျေးမှု အကြောင်း မှတ်တမ်းရုပ်ရှင် “A Bite of China” ၊ တရုတ်ဂန္ထဝင်ရုပ်သံဇာတ်လမ်းတွဲ “ခန်းဆောင်နီ အိပ်မက်” နှင့် “အနောက်သို့ခရီးသွားခြင်း” စသည့် ကောင်းမွန်သောလက်ရာများကို ပြသသွားမည် ဖြစ်ပြီး တရုတ်ရိုးရာယဉ်ကျေးမှု၏ အနှစ်သာရများနှင့် ခေတ်ကာလသစ် လူမှုရေး၊ ယဉ်ကျေးမှုအသွင်အပြင်သစ်များကို ကျယ်ကျယ်ပြန့်ပြန့် တင်ဆက်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဇာတ်ကား အားလုံးကို China Media Group ၏ အာရှနှင့်အာဖရိကဒေသ ဘာသာစကားအစီအစဉ်စင်တာမှ ဘာသာပြန် ထုတ်လုပ်ထားပြီး ပင်လယ်ရပ်ခြားမှပရိသတ်များအား တရုတ်နိုင်ငံ၏ ကြွယ်ဝနက်ရှိုင်းသော ယဉ်ကျေးမှု အနှစ်သာရများကို ခံစားနိုင်စေကာ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ယဉ်ကျေးမှု ကူးလူးဖလှယ်မှုများ၊ ယဉ်ကျေးမှု အပြန်အလှန်လေ့လာသင်ယူမှုများ၊ ပြည်သူချင်းစိတ်ချင်းဆက်နွှယ်မှုများ ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံး သံမှူးကြီး Dr. Zheng Zhihong နှင့်အတူ တရုတ်-မြန်မာနှစ်နိုင်ငံမှ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ မီဒီယာများ၊ ယဉ်ကျေးမှုနှင့် အနုပညာ၊ ပညာရေး စသည့်နယ်ပယ်အသီးသီးမှ အထင်ကရပုဂ္ဂိုလ်များ အပါအဝင် လူဦးရေတစ်ရာကျော် တက်ရောက်ခဲ့ကြပြီး တရုတ်-မြန်မာ နှစ်နိုင်ငံမှ သတင်းမီဒီယာဌာန ၂၀ ကျော် တက်ရောက်သတင်းယူခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.