Connect with us

Social

ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်ရာတွင် ဒေသ အချက်အလက် အမှန်သည် အရေးကြီးဆုံး ဖြစ်ဟုဆို

တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ Blue Sky ကယ်ဆယ်ရေး အဖွဲ့ တာဝန်ခံ Zhang Yong မှ ကျေးဇူးတင်စကား ပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

ဘေးအန္တရာယ် ကျရောက်သည့် ဒေသများ၌ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယင်းဒေသများ၏ အချက် အလက်များသည် အရေးကြီးဆုံး ဖြစ်ပြီး အချက်အလက် မှန်ကန်မှသာ ကြည့်ရှု၍ မည်သို့ ကူညီ ကယ်ဆယ် နိုင်မည်ဆိုသည်တို့ကို လုပ်ဆောင်၍ ရကြောင်း မြန်မာနိုင်ငံသို့ရေဘေး ကူညီကယ်ဆယ်ရေး လာရောက် လုပ်ဆောင်ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Blue Sky ကယ်ဆယ်ရေး အဖွဲ့တာဝန်ခံ Zhang Yong က ယမန်နေ့သြဂုတ်လ ၁၆ ရက်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ Blue Sky ကယ်ဆယ်ရေးအဖွဲ့သည် မြန်မာနိုင်ငံရှိ ရေဘေးဒဏ်သင့် ရခိုင်ပြည်နယ်ရှိ စစ်တွေနှင့် ဧရာဝတီတိုင်း အင်္ဂပူနှင့် ဟင်္သာတ ဒေသများသို့ ၁၁ ရက်ကြာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင် ခဲ့ကြောင်း မြန်မာပြည် ရေဘေးကယ်ဆယ်ရေးခရီးစဉ်အခြေအနေများနှင့် ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဌ ဦးစိန်ဝင်းအောင် နှင့် Blue Sky ကယ်ဆယ်ရေး အဖွဲ့ဝင်များ အမှတ်တရ ဓာတ်ပုံ ရိုက်နေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် Blue Sky ကယ်ဆယ်ရေး အဖွဲ့ တာဝန်ခံ Zhang Yong အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

“ကယ်ဆယ်ရေး လုပ်ဆောင်ရာတွင် ကျေးရွာများသို့စစ်ကြည့်ရတယ်။ ဘေးအန္တရာယ် ကျရောက်တဲ့ ဒေသတွေရဲ့ အချက်အလက် တွေက အရေးကြီးဆုံး ဖြစ်ပါတယ်။ အချက်အလက်အမှန် ကြည့်ပြီးတော့မှ ဘယ်လို ကူညီ ကယ်ဆယ်ရမလဲဆိုတာ လုပ်လို့ရပါတယ်။ အဓိက အများဆုံး တွေ့ခဲ့တဲ့ လူနာတွေက အအေးမိ ၊ ဖျားနာ ၊ ကိုယ်ပူတာတွေ တွေ့ခဲ့ပါတယ်။ အခက်အခဲကတော့ ရေကြီးသည့် ဧရိယာက အများကြီး ဖြစ်နေတာကြောင့် ကျနော်တို့ပါလာတဲ့လှေနဲ့ရေကြောင်း တောက်လျှောက် တနေ့လုံး သွားနေရတယ်။ လှေတွေနဲ့တစ်ရွာပြီး တစ်ရွာ လိုက်စစ်ရတယ်။ ညမိုးချုပ်မှ စခန်း ပြန်ရောက်တယ်။ တနေ့လုံးလုံး ရေပြင်မှာ သွားလာရတာက ခက်တယ်။ တစ်ချို့ ရွာတွေဆို အထဲကို ဝင်ရတာ အရမ်းခက်တယ်။ လှေစီးလို့လဲ မရဘူး။ ရေတိမ်တဲ့ နေရာမျိုးမှာ ဆင်းပြီးတော့ ခြေလျှင် လျှောက်ရတယ်။ အကုန်လုံး ရွှံ့တွေ ရေတွေနဲ့ လျှောက်ရတယ်။ အခက်အခဲတွေကတော့ နိုင်ငံခြားမှာ ကယ်ဆယ်ရေး လုပ်တာနဲ့တရုတ်ပြည်တွင်းမှာ လုပ်တာနဲ့သိပ်မကွာဘူး။ ဘာလို့လဲ ဆိုတော့ လုပ်တဲ့အဆင့်တွေက အတူတူပဲ”ဟု အဖွဲ့တာဝန်ခံ Zhang Yong က ပြောသည်။

Blue Sky ကယ်ဆယ်ရေးအဖွဲ့၏ ရည်ရွယ်ချက် တစ်ခုမှာ ပြည်သူလူထုများ၏ ဘေးအန္တရာယ် လျှော့ပေါ့ရေးနှင့် အရေးပေါ် ကယ်ဆယ်ရေး အပိုင်းတွင် ဗဟုသုတများ ရရှိလာစေရန် တည်ထောင်ခြင်း ဖြစ်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဒေသတွေကို သွားပြီး ရောက်သည့် နေရာတွေတိုင်းတွင် သင်တန်း တွေကိုလည်း ဒေသခံများနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့သည်။ ယခုအခေါက် ၎င်းတို့နှင့် အတူ ပါလာသည့် ကယ်ဆယ်ရေး လုပ်ငန်းသုံး ပစ္စည်းများ ၊ အထောက်အပံ့ ပစ္စည်းများကို ဒေသခံ ၊ သက်ဆိုင်ရာ ဌာနများသို့လှူဒါန်းခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ Blue Sky ကယ်ဆယ်ရေးအဖွဲ့သည် ပြည်ပနိုင်ငံများတွင် သွားရောက် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်သည်မှာ ၆ ကြိမ်မြောက် ရှိပြီး မြန်မာနိုင်ငံသို့တရုတ်နိုင်ငံ Blue Sky ကယ်ဆယ်ရေးအဖွဲ့ လာရောက် တာဝန်ထမ်းဆောင်သည်မှာ တတိယ အကြိမ် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Blue Sky ကယ်ဆယ်ရေး အဖွဲ့သည် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဌာနများနှင့် ဘေးအန္တရာယ် လျှော့ပေါ့ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို နောက်ပိုင်း ကာလများတွင် ကူးလူး ဖလှယ်ခွင့် ရရှိပါက အထူး မျှော်လင့်ပါကြောင်း Blue Sky ကယ်ဆယ်ရေး အဖွဲ့တာဝန်ခံ Zhang Yong က ယမန်နေ့က ပြောကြားခဲ့သည်။ (Xinhua)