Social
မြန်မာ့ ပညာရေးတွင် အိုင်စီတီ နည်းပညာ ဖွံ့ဖြိုး တိုးတက်လာရေး ထောက်ပံ့ပေးရန် Huawei မှ HAINA သင်တန်းကျောင်းအား နည်းပညာတက္ကသိုလ် (သန်လျင်) ၌ ဖွင့်လှစ်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ ပညာရေးတွင် ICT နည်းပညာ ဖွံ့ဖြိုး တိုးတက်လာရေးကို ထောက်ပံ့ ပေးရန် ရည်ရွယ်၍ Huawei နှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့ပူးပေါင်း၍ Huawei Authorized Imformation and Network Academy (HAINA ) အစီအစဉ်ကို ဖွင့်လှစ်ခြင်း အခမ်းအနား အား ယနေ့ဖေဖော်ဝါရီလ ၂၉ ရက်တွင် နည်းပညာ တက္ကသိုလ် (သန်လျင်) ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်က မြန်မာ နိုင်ငံ၌ ICT နည်းပညာ အရှိန်အဟုန်ဖြင့် တိုးတက် ဖွံ့ဖြိုးလာသည်နှင့် အမျှ ICT ကျွမ်းကျင် ပညာရှင်များ ကိုလည်း ပိုမို လိုအပ်လာပြီ ဖြစ်ကြောင်း ၊ ယင်းလိုအပ်ချက်များကို ဖြည့်ဆည်းသည့် နေရာတွင် မြန်မာနိုင်ငံအား တစ်ဖက် တစ်လမ်းမှ ဝိုင်းဝန်း ကူညီသည့် အနေဖြင့် Huawei သည် ICT Talent Training အစီအစဉ်အား မြန်မာနိုင်ငံတွင် စတင် အကောင်အထည် ဖော်လိုက်ပြီ ဖြစ်ကြောင်း ၊ အနာဂတ်တွင် Huawei နှင့် နည်းပညာ တက္ကသိုလ်များ ပူးပေါင်းပြီး HAINA အကယ်ဒမီကို ယခုထက် ပိုပြီး ဖွံ့ဖြိုး တိုးတက်လာအောင် လုပ်ဆောင်ကြမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
HAINA သင်တန်းကျောင်း ဖွင့်ပွဲ အခမ်းအနား အပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)
HAINA သင်တန်းကျောင်း၌ ICT နည်းပညာ လေ့လာ သင်ယူနေသူများကို တွေ့ရစဉ် (ဆင်ဟွာ)
သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် Huawei ၏ အမှုဆောင် အရာရှိချုပ် Mr.Zhang Liman တို့ သင်တန်းကျောင်းအား စစ်ဆေးကြည့်ရှုစဉ် (ဆင်ဟွာ)
ထိုဖွင့်ပွဲသို့တက်ရောက်လာခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က HAINA အစီအစဉ်သည် မြန်မာနိုင်ငံ၏ ICT ပညာရှင်များ၏ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရေး အတွက် Huawei မှ အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ၊ Huawei တစ်ခုတည်းတွင် သာမက တရုတ်ကုမ္ပဏီ အတော်များများသည် ၎င်းတို့၏ လုပ်ငန်းများ အပြင် လူမှုရေး ဆိုင်ရာ တာဝန်များကို Huawei နည်းတူ မြန်မာနိုင်ငံမှာ လုပ်ဆောင်နေကြပြီ ဖြစ်ကြောင်း ၊ ပညာရေး ၊ ကျန်းမာရေး ၊ သဘာဝ ဘေးအန္တရာယ် ပြန်လည် ထူထောင်ရေး ၊ သဘာဝ ဘေးပတ်ဝန်းကျင် ကာကွယ်ရေး အစရှိသည့် နယ်ပယ်များတွင် ကူညီ ပံ့ပိုး ပေးမှုများကြောင့် ရာထောင်ချီသော မြန်မာပြည်သူ ပြည်သားများသည် အထောက်အကူ များစွာ ဖြစ်စေပါကြောင်း ၊ အနာဂတ်တွင် မြန်မာနိုင်ငံနှင့် တရုတ် နိုင်ငံ ၂ နိုင်ငံကြား ချစ်ကြည် ရင်းနှီးမှု ပိုမို ခိုင်မြဲ လာပြီး ထိုသို့ခိုင်မြဲမှုကြောင့် အကျိုးကျေးဇူးများစွာ ရရှိလာလိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။
Huawei ၏ အမှုဆောင် အရာရှိချုပ် ဖြစ်သူ Mr.Zhang Liman က Huawei ၏ အသိအမှတ်ပြု လက်မှတ် ချီးမြှင့်သည့် အစီအစဉ်မှ ICT နည်းပညာ လေ့လာ သင်ကြားပြီးသူများကို နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များ ပေးအပ်သည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ရရှိစေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုအခါတွင် Huawei သည် နည်းပညာ တက္ကသိုလ် (သန်လျင်) တွင် လက်တွေ့အသုံးပြုနိုင်မည့် စက်ပစ္စည်းများ ၊ တက္ကသိုလ် ပါမောက္ခများကို သင်တန်းပေးခြင်း နှင့် ကျောင်းသား/သူများအတွက် အထူး ပြုစုထားသော သင်ရိုးညွှန်းတမ်းများကို ပံ့ပိုး ကူညီပေးလျက် ရှိပြီး HAINA သင်တန်း အစီအစဉ်အား မေလတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပညာရေးတွင် ICT နည်းပညာ ဖွံ့ဖြိုး တိုးတက်လာရေးကို အထောက်အကူ ပြုစေမည့် အစီအစဉ် သဘောတူညီချက်ကို ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် (Mr.Li Keqiang) တို့ရှေ့တွင် Huawei နှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့မှ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်တွင် လက်မှတ် ရေးထိုးခဲ့ပြီး ယင်းအစီအစဉ်မှ Huawei သည် သိပ္ပံနှင့် နည်းပညာ ဘာသာရပ်ကို လေ့လာ သင်ယူနေသည့် ထူးချွန်ကျောင်းသားများအား တက္ကသိုလ် ၅ ခုမှ ရွေးထုတ်ပြီး ပညာသင်ဆုများအား ၂၀၁၅ ခုနှစ်တွင် ချီးမြှင့်ခဲ့ကာ ယင်းအစီအစဉ်တွင် ထပ်မံ ပါဝင်သည့် HAINA အကယ်ဒမီကို ယနေ့စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
HAINA စီမံကိန်း၏ အဓိက ရည်ရွယ်ချက်မှာ ICT နည်းပညာ ဖြန့်ဖြူးပေးခြင်း နှင့် ဖွံ့ဖြိုး တိုးတက် လာစေရန် ၊ လူမှုအဖွဲ့အစည်းအတွက် အရည်အချင်း ရှိသည့် ICT ပညာရှင်များ ပေါ်ထွန်းလာစေရန် နှင့် ICT ကဏ္ဍ၏ လိုအပ်သည့် ရေရှည် မျှော်မှန်းချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။ (Xinhua)