Africa & Middle East
အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းတွင် ကျင်းပသော နှစ်ကူးပွဲ၌ ဗုံးပေါက်ကွဲမှုကြောင့် လူ ၁၄ဦးသေ၊ ၅၀ဦး ဒဏ်ရာရရှိ

အာဖဂန်နစ္စတန်၊ မတ် ၂၄ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ဟဲလ်မက်ပြည်နယ် ရှိ အားကစားရုံတစ်ခု၌ မတ် ၂၃ရက်တွင် လူများစုဝေး၍ အာဖဂန်နှစ်ကူးပွဲတော် ကျင်းပနေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ဦးသေဆုံးပြီး အခြားလူ ၅၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
ပြည်နယ်မြို့တော် Lashkar Gah မြို့ ရှိ Ghazi Mohammad Ayoub အားကစားရုံအား မတ် ၂၃ရက် ညနေပိုင်းတွင် အသေခံကားဗုံးဖောက်ခွဲသူက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Omar Zwak က ဆင်ဟွာသို့ပြောကြားခဲ့သည်။
သေဆုံးသူများအား လူနာတင်ကားများ၊ ရဲကားများအသုံးပြု၍ နေရာရွှေ့ပြောင်းခဲ့ပြီး သေဆုံးသူ ၁၄ဦးခန့် နှင့် ဒဏ်ရာရရှိသူ ၅၀ဦးကို မြို့အတွင်းရှိ ဆေးရုံများသို့ ပို့ဆောင်ပေးထားကြောင်း ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောကြားခဲ့သည်။
၎င်းက သေဆုံးသူဦးရေ မြင့်တက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။အာဖဂန်နှစ် ၁၃၉၇ခုနှစ် သည် မတ် ၂၁ရက်တွင် စတင်ခဲ့ပြီး နှစ်ကူးပွဲအထိမ်းအမှတ် ဒေသတွင်း နပန်းပြိုင်ပွဲကျင်းပနေစဉ် တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နှင့် သေဆုံးသူများတွင် ရဲတပ်ဖွဲ့ဝင်များလည်းပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယင်းတိုက်ခိုက်မှုအား မည်သည့်အဖွဲ့ကလုပ်ဆောင်ခြင်းဖြစ်သည်ကို ကြေညာခြင်းမရှိသေးကြောင်း သိရသည်။ မတ် ၂၁ရက်နေ့တွင် ကဘူးလ်မြို့ရှိ နှစ်ကူးပွဲကျင်းပသူများကို IS စစ်သွေးကြွ အသေခံဗုံးခွဲသမားတစ်ဦးက တိုက်ခိုက်ခဲ့၍ လူ ၃၁ဦးသေဆုံးပြီး ၆၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဟဲလ်မက်ပြည်နယ်သည် ဘိန်းစိုက်သော နာမည်ဆိုးဖြင့် ကျော်ကြားသည့် ပြည်နယ်တစ်ခုဖြစ်ပြီး တာလီဘန်တို့၏ ခြေကုတ်ယူရာ နေရာတစ်ခုလည်းဖြစ်ကြောင်း သိရသည်။ (Xinhua)