Connect with us

Africa & Middle East

ပြန်ပေးဆွဲခံထားရသော ကျောင်းသူ ၁၀၄ ဦးအား ဘိုကိုဟာရမ် ပြန်လွှတ်

ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့လက်မှ လွတ်မြောက်လာသည့် နိုင်ငံဂျီးရီးယား ကျောင်းသူများအား တွေ့ရစဉ် (ဓာတ်ပုံ-ဆင်ဟွာ)

အဘူဂျာ၊ မတ် ၂၂ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ Dapchi မြို့ရှိ ကောလိပ်တစ်ခုမှ ပြီးခဲ့သည့်လက ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့၏ ပြန်ပေးဆွဲခြင်းခံထားရသော ကျောင်းသူ ၁၀၄ ဦးကို မတ်လ ၂၁ ရက်တွင် ဘိုကိုဟာရမ် အဖွဲ့က ပြန်လွှတ်ပေးခဲ့ကြောင်း ဋ္ဌာနဆိုင်ရာဝန်ကြီး တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ကျောင်းသူ ၁၀၄ ဦးနှင့်အတူ အခြား မိန်းကလေး တစ်ဦးနှင့် ယောကျ်ားလေး တစ်ဦးလည်း လွတ်မြောက်လာခဲ့ကြောင်း နိုင်ဂျီးရီးယားနိုင်ငံ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး Lai Mohammed က ပြောကြားခဲ့သည်။၎င်းတို့ ၁၀၆ ဦးအကုန်လုံး ခြွင်းချက်မရှိ လွတ်မြောက်သွားပြီဖြစ်ကြောင်း၊ ပြန်ပေးငွေ သို့မဟုတ် အဆိုပါ မိန်းကလေးများနှင့် လဲလှယ်ရန် ဘိုကိုဟာရမ် တိုက်ခိုက်ရေးသမား တစ်စုံတစ်ဦးအား ဖမ်းဆီးထားခြင်း မရှိကြောင်း Mohammed ကဆိုသည်။

လွတ်မြောက်လာသူများအား စစ်တပ်မှ နိုင်ဂျီးရီးယားအစိုးရထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဝန်ကြီးက အတည်ပြုခဲ့သည်။ လွှဲပြောင်းမှုအား နိုင်ငံ၏ အရှေ့မြောက်ဘက်ရှိ Maiduguri မြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ဖေဖော်ဝါရီလ ၁၉ ရက်က ဘိုကိုဟာရမ်အဖွဲ့သည် နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း Yobe ပြည်နယ်၏ မြို့တော် Damaturu မှ ၁၀၀ ကီလိုမီတာအကွာရှိ Dapchi မြို့ရှိ Government Girls Science and Technical College မှ စုစုပေါင်း ကျောင်းသူ ၁၁၀ ဦးအား ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်သည်။ဘိုကိုဟာရမ်အဖွဲ့သည် နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း အခြေစိုက် ဂျီဟတ်စစ်သွေးကြွ အဖွဲ့အစည်း တစ်ခုဖြစ်သည်။ ယင်း အဖွဲ့သည် ၂၀၀၉ ခုနှစ်ကစ၍ အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၂၀၀၀၀ ဦးကျော်အား သတ်ဖြတ်ခဲ့သည်ဟု ကုလသမဂ္ဂက ယုံကြည်ထားသည်။ (Xinhua)