Connect with us

Asia

တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံရှိ တိုင်ဖွန်းမုန်တိုင်းဒဏ်ခံရသူများကို အလှူပစ္စည်းများ ပေးအပ်

ဖိလစ်ပိုင်နိုင်ငံ မာရီကီနာမြို့တွင် Vamco တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီး ရေကြီးရေလျှံမှုကြောင့် ပျက်စီးနေသည့်နေအိမ်သို့ ထောက်ပံ့ပစ္စည်းများကို ယူဆောင်လျက် ပြန်လာနေသူ ဒေသခံတစ်ဦးကို နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မာရီကီနာမြို့တွင် Vamco တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီး ရေကြီးရေလျှံမှုကြောင့် အပျက်အစီးများဖြင့် ဖုံးလွှမ်းနေသည့် တံတားတစ်စင်းပေါ် လမ်းလျှောက်နေသူတစ်ဦးကို နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ဘာသာပြန်-ခေါန်ရိန်

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဟွမ်ရှီလျန်သည် Vamco တိုင်ဖွန်းမုန်တိုင်းကြောင့် ထိခိုက်ခံစားခဲ့ရသူများအတွက် ကူညီထောက်ပံ့ရေးပစ္စည်းများကို ဒီဇင်ဘာ ၃ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဟွမ်သည် ကူညီထောက်ပံ့ရေးပစ္စည်းများကို ပါရာနာ့ဂ်မြို့ မြို့တော်ဝန် Edwin Olivarez ထံ ပါရာနာ့ဂ်မြို့တော်ခန်းမတွင် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံတွင် Vamco တိုင်ဖွန်းမုန်တိုင်းကြောင့် အသက်သေဆုံးခဲ့ရသူများနှင့် အကြီးအကျယ် ထိခိုက်ပျက်စီးမှုများအတွက် ဝမ်းနည်းကြောင်း ဟွမ်က ပြောကြားခဲ့သည်။ ယင်းတိုင်ဖွန်းမုန်တိုင်းကြောင့် အနည်းဆုံး လူ ၇၃ ဦး သေဆုံးခဲ့ရပြီး ၁၉ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

“သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရတဲ့အခါ တရုတ်နိုင်ငံဟာ ဖိလစ်ပိုင်အစိုးရနဲ့ ပြည်သူတွေနဲ့အတူ တစည်းတလုံးတည်း အခိုင်အမာ အစဉ်အမြဲ ရပ်တည်သွားမှာဖြစ်ပါတယ်” ဟွမ်က ဆိုသည်။

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး၏ ဦးဆောင်မှုအောက်တွင် ပြည်သူများအနေဖြင့် အခက်အခဲများကိုကျော်လွှားနိုင်ပြီး ပုံမှန်အခြေအနေကို ဆောလျင်စွာ ပြန်လည်ရောက်ရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ဟွမ်က ပြောခဲ့သည်။

ပါရာနာ့ဂ်မြို့တော်ဝန် Olivares ကလည်း တရုတ်နိုင်ငံ၏ စေတနာကောင်းဖြင့်ကူညီမှုများအပေါ် ကျေးဇူးတင်စွာဖြင့် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

ယခုတစ်ခေါက်လှူဒါန်းမှုသည် တရုတ်နိုင်ငံ အစိုးရက မုန်တိုင်းဒဏ်ခံခဲ့ရသော ဖိလစ်ပိုင်ပြည်သူများသို့ ယွမ်သုံးသန်း (အမေရိကန်ဒေါ်လာ ၄၅၇,၈၆၁ ခန့်) ရှိသော ကူညီထောက်ပံ့မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

တရုတ်နိုင်ငံ အစိုးရသည် ဆန်၊ မိုးရေကာဖျင်များ၊ မျက်နှာသုတ်ပဝါများနှင့် နှာခေါင်းစည်းများကဲ့သို့သော ကူညီထောက်ပံ့ရေးပစ္စည်းများကို Pampanga ၊ Ilocos Norte ၊ Camarines Sur ၊ Bulacan ၊ Cagayan နှင့် Isabela စသည်တို့အပါအဝင် တိုင်ဖုန်းမုန်တိုင်း Vamco ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် မြို့များနှင့် ပြည်နယ်များသို့ ထောက်ပံ့ကူညီလျက်ရှိသည်။

ပြီးခဲ့သည့်လက တရုတ်နိုင်ငံသံရုံးသည် ဖိလစ်ပိုင် တရုတ် ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် Goni စူပါတိုင်ဖွန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် Albay နှင့် Catanduanes ပြည်နယ်များသို့ ယွမ် ၁ သန်း (အမေရိကန်ဒေါ်လာ ၁၅၂,၆၂၀) တန်ဖိုးရှိသော သဘာဝဘေးဆိုင်ရာ ကူညီထောက်ပံ့မှုပစ္စည်းများဖြန့်ဖြူးပေးခဲ့သည်။ အဆိုပါ ထောက်ပံ့ကူညီမှုသည် အိမ်ထောင်စု ၁၅,၀၀၀ အကျိုးခံစားခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.