Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ကော်ဖီဆိုင် အကြမ်းဖက်တိုက်ခိုက်ခံရခြင်း ၃ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကျင်းပ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ ကော်ဖီဆိုင်တိုက်ခိုက်ခံရမှု သုံးနှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားမြင်ကွင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

ဒါကာ ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို ့ရှိ ကော်ဖီဆိုင်တစ်ခုအား စစ်သွေးကြွများက အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်မှုကြောင့် နိုင်ငံခြားသားအများစု အပါအဝင် လူအများအပြား သေဆုံးခဲ့ရသည့် အဖြစ်အပျက် ၃ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁ ရက် နံနက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူများ ၊ နိုင်ငံရေးသမားများ နှင့် နိုင်ငံခြားသံတမန်များသည် အချင်းဖြစ်နေရာသို့ စုရုံးရောက်ရှိလာကြပြီး သေဆုံးသွားသူများအတွက် လွမ်းသူ့ပန်းခွေချခြင်း ၊ ဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ် ဇူလိုင် ၁ ရက်က လက်နက်များကိုင်ဆောင်ထားသောအကြမ်းဖက်သမား ၅ ဦးသည် ဒါကာမြို့လယ် သံတမန်များရုံးစိုက်ရာ ရပ်ကွက်အတွင်းရှိ Holey Artisan Bakery စပိန်ကော်ဖီဆိုင်ကို ဝင်ရောက်ပစ်ခတ်ခဲ့ပြီး လူပေါင်းများစွာကိုလည်း ဓားစာခံများအဖြစ် ဖမ်းဆီးထားခဲ့သည်။ အကြမ်းဖက်သမားများ သိမ်းပိုက်ထားသော ၎င်းကော်ဖီဆိုင်အား ဒါကာမြို့တော်အထူးရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းစဉ် ရဲအရာရှိ နှစ်ဦးသေနတ်ထိမှန်သေဆုံးခဲ့ရသည်။

တိုက်ခိုက်မှုအတွင်း အရပ်သား ၂၂ ဦးသေဆုံးခဲ့ရပြီး ၎င်းတို့အနက် ၁၇ ဦးမှာ နိုင်ငံခြားသားများဖြစ်ကြောင်း သိရသည်။ အိုင်အက်စ်(IS) အကြမ်းဖက်အဖွဲ့က ၎င်းတို့၏လက်ချက်ဖြစ်ကြောင်းထုတ်ဖော်ပြောကြားခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ငြင်းဆိုခဲ့ပြီး ယင်းမှာ ပြည်တွင်းပိတ်ပင်တားမြစ်ထားသော အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်သည့် Neo-JMB အဖွဲ့ ၏ လက်ချက်ဖြစ်ကြောင်း အစိုးရက ဆိုသည်။

ထိုသို့ကော်ဖီဆိုင်တိုက်ခိုက်ခံရပြီးနောက်တွင် ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ကြီးမားသော စစ်သွေးကြွနှိမ်နင်းရေး စစ်ဆင်ရေးများကို အစဉ်တစ်စိုက်လုပ်ဆောင်ခဲ့ရာ စစ်သွေးကြွဒါဇင်ပေါင်းများစွာ အသတ်ခံခဲ့ရကြောင်း သိရသည်။(Xinhua)