Connect with us

Asia

သီရိလင်္ကာနိုင်ငံ၌ တောဆင်ရိုင်းများ သေဆုံးမှု လျော့ပါးစေရန် ဆင်ခန္ဓာကိုယ်တွင် GPS လမ်းပြစနစ်များ ထည့်သွင်းပေးမည်

သီရိလင်္ကာနိုင်ငံ အဝေးပြေးလမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသော တောဆင်ရိုင်းများအားတွေ့ ရစဉ်(ဆင်ဟွာ)

ကိုလံဘို ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံတောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဌာန(DWC) က နိုင်ငံအတွင်း ဆင် နှင့် လူ ပဋိပက္ခများ လျော့ပါးစေရန် ရည်ရွယ်၍ တောဆင်ရိုင်းများ၏ ခန္ဓာကိုယ်ထဲတွင် လမ်းပြမြေပုံစနစ်(GPS) ကို ထည့်သွင်းသွားမည်ဖြစ်ကြောင်း ဇူလိုင် ၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

လူ နှင့် ဆင် ပဋိပက္ခများကြောင့် သီရိလင်္ကာနိုင်ငံတွင် လွန်ခဲ့သော နှစ်နှစ်တာကာလအတွင်း ဆင်သေဆုံးမှု စံချိန်တင်မြင့်တက်လျက်ရှိနေကြောင်း နှင့် ယင်းဖြစ်စဉ်အပေါ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူများက စိုးရိမ်မှု မြင့်တက်နေကြောင်း DWC ဌာန၏ပြောကြားချက်ကို ကိုးကား၍ပြည်တွင်းသတင်းဌာနက ဖော်ပြခဲ့သည်။

တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဌာန ညွှန်ကြားရေးမှူးချုပ် M.G.C Sooriyabandara ၏ ညွှန်ကြားချက်အရ သီရိလင်္ကာနိုင်ငံအတွင်း ဆင် နှင့် လူ ပဋိပက္ခအများဆုံးဖြစ်ပွားလျက် ရှိသည့် Uva ပြည်နယ်အတွင်းရှိ တောဆင်ရိုင်းများအား GPS လမ်းပြမြေပုံစနစ်ကို ဦးစွာ ထည့်သွင်းတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

အဆိုပါ GPS စနစ်များကို တောရိုင်းတိရစ္ဆာန်ဆိုင်ရာအရာရှိများက လေ့လာ စောင့်ကြည့်သွားမည်ဖြစ်သည်။ ယင်းအစီအစဉ်ကို သီရိလင်္ကာကျွန်း၏ အခြားသော ဒေသ အစိတ်အပိုင်းများတွင်လည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံတွင် ပြီးခဲ့သော ငါး နှစ်တာကာလအတွင်း လူ နှင့် ဆင် ပဋိပက္ခများကြောင့် လူပေါင်း ၃၇၅ ဦး တောဆင်ရိုင်းအန္တရာယ်ဖြင့် အသက်ဆုံးရှုံးခဲ့ရကြောင်း နှင့် ဆင်ကောင်ရေ ၁,၁ဝဝ ကျော်သေဆုံးခဲ့ရကြောင်း အစိုးရကပြောကြားခဲ့သည်။

တရားဝင် မှတ်တမ်းများအရ သီရိလင်္ကာနိုင်ငံတွင် တောဆင်ရိုင်းကောင်ရေ ၇၅ဝဝ ခန့်ရှိကြောင်း ခန့်မှန်းရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.