Asia
အင်ဒိုနီးရှားတွင် အင်အား ၆.၄ပမာဏရှိ ငလျင်ပြင်းလှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁၀ဦးနှင့် ဒဏ်ရာရသူ ၄၀ဦးရှိလာ

ဂျာကာတာ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း West Tenggara ပြည်နယ်တွင် ဇူလိုင် ၂၉ ရက် အစောပိုင်းက ရစ်ချ်တာစကေး ၆.၄ ပမာဏရှိ ငလျင်ပြင်းတစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၁၀ဦးသေဆုံးပြီး အယောက် ၄၀ ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
ငလျင်သည် ဒေသစံတော်ချိန် နံနက် ၅း၄၇နာရီတွင် Lombok Timurမြို့ အနောက်မြောက်ဘက် ၂၈ကီလိုမီတာ ရှိ မြေပြင်အနက် ၁၀ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း ဌာနဆိုင်ရာတာဝန်ရှိသူတစ်ဦးဖြစ်သူ Widyamotko က ဆင်ဟွာသို့ ဖုန်းဖြင့်ဖြေကြားခဲ့သည်။
ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံ ၉ဦး နှင့် မလေးရှားနိုင်ငံသား တစ်ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးမှု နှင့် ထိခိုက်ဒဏ်ရာရရှိမှုများသည် ငလျင်ကြောင့် ပြိုကျခဲ့သော အပျက်အစီးများကြောင်းဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန မှ Sutopo Purwo Nugroho ကပြောကြားခဲ့သည်။
၎င်းက ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရပြီး ပြည်နယ်အတွင်းရှိ နေအိမ် အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ကြောင်း ဆင်ဟွာသို့ စာတိုပေးပို့ ဖြေကြားခဲ့သည်။
Widyamotko က ငလျင်ကြီးလှုပ်ခဲ့ပြီးမိနစ်အနည်းငယ်အကြာတွင်နောက်ဆက်တွဲ ပြင်းအားအလယ်အလတ်ရှိ ငလျင် ၂ခု လှုပ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် “Pacific Ring of Fire” ဟုခေါ်သည့် ငလျင်ကြောပေါ်တွင် တည်ရှိနေ၍ ငလျင်များမကြာခဏ လှုပ်ခတ်လေ့ရှိကြောင်း သိရသည်။ (Xinhua)