Connect with us

Asia

အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း ပြည်နယ်၌ စူပါဆိုက်ကလုန်းမုန်တိုင်း အမ်ဖန်ကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံး 

အိန္ဒိယ နိုင်ငံ Balasore မြို့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် Talasari ကမ်းခြေသို့ ပြန်လည် ဝင်ရောက်လာသော ငါးဖမ်းသမားများအား မေ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ မေ ၂၁ ရက်(ဆင်ဟွာ)

စူပါဆိုက်ကလုန်းမုန်တိုင်း အမ်ဖန်ကြောင့်  အနည်းဆုံး လူ ၁၀ ဦးမှ ၁၂ ဦးထိ သေဆုံးခဲ့ကြောင်း အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း ပြည်နယ် ဖြစ်သည့် အနောက်ဘန်ဂေါပြည်နယ် ဝန်ကြီးချုပ် Mamata Banerjee က မေ ၂၀ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။ 

တာဝန်ရှိသူများ၏ ပြောကြားချက်အရ သစ်ပင်များ လဲကျပိခြင်း ၊ လူနေအိမ်များ ပြိုကျခြင်း နှင့် အခြား အဆောက်အဦများ ပြိုကျခြင်းတို့ကြောင့် သေဆုံးမှုများ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း သိရသည်။ အမ်ဖန် မုန်တိုင်းရိုက်ခတ်မှုဒဏ်ကို မြောက်ပိုင်း နှင့် တောင်ပိုင်းရှိ  ပါဂန်နပစ် ၊ ဟားဝတ် ၊ ကိုးလ်ကတ္တား ၊ မနိပူ အရှေ့ပိုင်း နှင့် အနောက်ပိုင်း ၊ Puruli Bankura စသည့် ခရိုင်များ ခံစားခဲ့ရကြောင်း ပြည်နယ် ဝန်ကြီးချုပ် Banerjee က သတင်းထောက်များအား ပြောကြားခဲ့သည်။ 

ဘန်ဂေါပြည်နယ်တောင်ပိုင်း တစ်ခုလုံး ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ပြီး မိမိတို့ အနေဖြင့် ထိတ်လန့်တုန်လှုပ်မိကြောင်း ၊ ပျက်စီးဆုံးရှုံးမှု အခြေအနေအပြည့်အစုံကို သိရှိနိုင်ရန် သုံးလေးရက်ခန့် ကြာလိမ့်မည် ဖြစ်ကြောင်း ပြည်နယ် ဝန်ကြီးချုပ် Banerjee က ပြောကြားခဲ့သည်။ 

ဆိုက်ကလုန်းမုန်တိုင်း အမ်ဖန်သည် အနောက်ဘန်ဂေါ ပြည်နယ်၏ ကမ်းရိုးတန်းဒေသများမှတစ်ဆင့် ကုန်မြေပေါ်သို့ မေ ၂၁ ရက် ဒေသစံတော်ချိန် ၂ နာရီခွဲခန့်တွင် ဖြတ်သန်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ပျက်စီးမှုများ များစွာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 

အိန္ဒိယ မိုးလေဝသဌာန၏ ထုတ်ပြန်မှု အရ အနောက်ဘန်ဂေါ-ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းတွင် တိုက်ခတ်ခဲ့သော အလွန်ပြင်းထန်သည့် ဆိုက်ကလုန်းမုန်တိုင်း အမ်ဖန်သည် တနာရီလျှင် ၁၅၅ ကီလိုမီတာ မှ ၁၆၅ ကီလိုမီတာထိ လေတိုက်နှုန်းရှိခဲ့ပြီး  အမြင့်ဆုံးအဖြစ် တစ်နာရီလျှင် ၁၈၅ ကီလိုမီတာ အထိ ရောက်ရှိခဲ့ကြောင်း သိရသည်။ 

ပြည်နယ် ဝန်ကြီးချုပ် Banerjee က ပြည်နယ်အတွင်းဝန်ရုံး အဆောက်အဦမှာလည်း အကြီးစား ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပြီး နေရာအများအပြားတွင် ဆက်သွယ်ရေး ပြတ်တောက်မှု ၊ သောက်သုံးရေ ပြတ်လပ်မှု ၊ လျှပ်စစ်မီး ပြတ်တောက်မှု နှင့် တံတားများ ကျိုးကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ 

ကမ်းရိုးတန်းဒေသများတွင် တာတမံ ကျိုးကျပျက်စီးမှုများ ဖြစ်ပွားခဲ့ပြီး Parganas  တောင်ပိုင်း ၂၄ ခရိုင် နှင့် Parganas မြောက်ပိုင်း ၂၄ ခရိုင်အတွင်းရှိ မြေနိမ့်ပိုင်းနေရာအများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 

ပြည်နယ် အစိုးရက ဘေးဒဏ်သင့် ဒေသများမှ လူဦးရေ သန်းတစ်ဝက်အား ကယ်ဆယ်ရေး စခန်းများသို့ ရွှေ့ပြောင်း ပေးခဲ့သည်။ Odisha ပြည်နယ်တွင်လည်း လူဦးရေ ၁၅၈,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ကယ်ဆယ်ရေး ပေးခဲ့ရကြောင်း သိရသည်။ 

အမ်ဖုန်သည် ယခုနှစ်များအတွင်း ဘင်္ဂလား ပင်လယ်အော်တွင်ဖြစ်ပွားသော မုန်တိုင်းများအနက် အဆိုးရွားဆုံး မုန်တိုင်း တစ်ခု ဖြစ်ကြောင်း ၊  ကမ်းခြေ နှင့် ကမ်းရိုးတန်းဒေသများသို့ ဒီရေလှိုင်းလုံးကြီးများရိုက်ခတ်လာပုံကို ရုပ်မြင်သံကြားများမှတစ်ဆင့် ထုတ်လွှင့်ပြသခဲ့ကြောင်း ၊ ထို့အပြင် ယင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပွားပုံများကိုလည်း ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။ 

အနောက်ဘန်ဂေါ နှင့် Odisha ပြည်နယ်များသို့ အမျိုးသားသဘာဝဘေးအန္တရာယ် တုံ့ပြန်ကယ်ဆယ်ရေး (NDRF) မှ အဖွဲ့ ပေါင်း ၄၁ ဖွဲ့ကို  စေလွတ်ထားကြောင်း တာဝန်ရှိသူများက  ပြောကြားခဲ့သည်။အိန္ဒိယ နိုင်ငံ၌ အမ်ဖန် မုန်တိုင်း တိုက်ခတ်ချိန်နှင့် တစ်ချိန်တည်းမှာပင် COVID-19 ရောဂါ ကူးစက်ခံရသူ ၁၀၆,၇၅၀ ဦးထက်မနည်း ရှိပြီး ၃,၃၀၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.