Asia
ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားသည့် ထိုင်းစစ်သား ၅ဦး၏ ရုပ်အလောင်းများကို နိုင်ငံမြောက်ပိုင်းသစ်တောထဲမှ ရှာဖွေ တွေ့ရှိ

ဘန်ကောက် ၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ)
ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ် သစ်တောဧရိယာပေါ်၌ သြဂုတ်လ ၁၅ ရက်က စစ်ဖက်ရဟတ်ယာဉ်ပျက်ကျမှုတွင် ပါဝင်သွားကြသည့် ထိုင်းစစ်သား ၅ ဦး၏ ရုပ်အလောင်းများကို နောက်တစ်ရက်အကြာတွင် ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။
အမှတ် (၄) ခြေလျင်တပ်မ တပ်မမှူး ဗိုလ်ချုပ် Nopporn Ruenchand အပါအဝင် ရဟတ်ယာဉ်မှူး နှစ်ဦး နှင့် စက်ပြင်အင်ဂျင်နီယာ နှစ်ဦး လိုက်ပါသွားသည့် အဆိုပါ ရဟတ်ယာဉ် အပျက်အစီးပုံအား ထိုင်းနိုင်ငံမြောက်ပိုင်း Doi Indanond တောင်စောင်းရှိ ရေဒါစခန်းမှ ကီလိုမီတာအနည်းအငယ်အကွာ၌ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး Somsak Nilbancherdkul ကဆိုသည်။
ရှာဖွေရေး နှင့် ကယ်ဆယ်ရေး တာဝန်ရှိသူများသည် မြူခိုးများထူထပ်စွာကျဆင်းနေသည့် တောင်စောင်းတစ်လျှောက်တွင် UH-72 Lakota ရဟတ်ယာဉ်ပျက်မှ ရုပ်အလောင်းများကို စွန့်စွန့်စားစား သယ်ဆောင်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ရှာဖွေရေးလုပ်ငန်းများကို ရဟတ်ယာဉ်ပျက်ကျသွားသည့် သြဂုတ်လ ၁၄ ရက် မွန်းလွဲပိုင်းကတည်းက စတင်ဆောင်ရွက်ခဲ့သော်လည်း ရာသီဥတုဆိုးရွားမှုကြောင်း ယင်းနေ့ ညနေပိုင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ရပြီး သြဂုတ်လ ၁၅ ရက်နံနက်ပိုင်းမှသာပြန်လည် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
UH-72 အပေါ့စားရဟတ်ယာဉ်သည် သြဂုတ်လ ၁၄ ရက် နံနက်ပိုင်းကတည်းက ချင်းမိုင်အနောက်ပိုင်းရှိ မဲဟောင်ဆောင်ပြည်နယ် မှ ချင်းမိုင် အရှေ့တောင်ပိုင်းရှိ အမှတ် (၄) ခြေလျင်တပ်မဌာနချုပ်သို့ ဦးတည်ပျံသန်းလာစဉ် မြေပြင်ထိန်းချုပ်ရေးစခန်း နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။(Xinhua)