Connect with us

Europe

ပူးပေါင်းဆောင်ရွက်ရေးအတွက် နယ်ပယ်သစ် တရုတ်နှင့် ဆာဗီးယား ရှာဖွေမည်

တရုတ်နိုင်ငံ အဆင့်မြင့် ဥပဒေပြုလွှတ်တော်အမတ် ကျန်းတယ်ကျန်း (ဝဲ) နှင့် ဆာဗီးယားနိုင်ငံ ဝန်ကြီးချုပ် Ana Brnabic (ယာ) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဘဲလ်ဂရိတ်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အဆင့်မြင့် ဥပဒေပြုလွှတ်တော်အမတ် ကျန်းတယ်ကျန်း (Zhang Dejiang) နှင့် ဆာဗီးယားနိုင်ငံ ဝန်ကြီးချုပ် Ana Brnabic တို့သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့သလို အခြား ပူးပေါင်းဆောင်ရွက်မှုအတွက် အလားအလာကောင်းသည့် ဧရိယာများ ရှာဖွေရန် လိုအပ်ကြောင်း အလေးထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ် အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ ကျန်းက Brnabic နှင့် တွေ့ဆုံစဉ်တွင် နှစ်နိုင်ငံ စီးပွားရေးမှာ အလွန် လိုက်ဖက်ညီစွာ တည်ရှိကြောင်းနှင့် ကိစ္စရပ်များစွာ၌ အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဆာဗီးယား အပါအဝင် ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်း နိုင်ငံများ (CEE) နှင့်အတူ လက်တွဲကာ လုပ်ကိုင်သွားလိုကြောင်း၊ ခေတ်သစ် ပိုးလမ်းမကြီး အစပျိုးဖော်ဆောင်မှု မူဘောင်နှင့် CEE-တရုတ် ပူးပေါင်းဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းများအောက်တွင် အပြန်အလှန် အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ကျန်းက ပြောသည်။

ဆာဗီးယား ဝန်ကြီးချုပ် Brnabic ကလည်း ဆာဗီးယား-တရုတ် ပူးပေါင်းဆောင်ရွက်မှု ရလဒ်များသည် ထိရောက်မှုရှိကြောင်းနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုက ဆာဗီးယား၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆာဗီးယား ပြည်သူများ၏ အသက်မွေးဝမ်းကျောင်း တိုးတက်မှုအတွက် အလွန် အရေးပါကြောင်း ပြောကြားခဲ့သည်။

ဆာဗီးယား အစိုးရအနေဖြင့် ရှိနှင့်ပြီးသား ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ လေးနက်စွာ အကောင်အထည်ဖော်ရန်၊ ပူးပေါင်းဆောင်ရွက်မှုအတွက် နယ်ပယ်သစ်များ တက်ကြွစွာ ရှာဖွေရန်နှင့် တရုတ်နှင့် CEE နိုင်ငံများအကြား တံတားသဖွယ် ကောင်းမွန်စွာ ပါဝင်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ကျန်းသည် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဆာဗီးယားနိုင်ငံသို့ ဇူလိုင်လ ၁၆ ရက်က ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ သုံးရက်ကြာမြင့်သည့် ချစ်ကြည်ရေး ခရီးစဉ်အတွင်း ကျန်းသည် ဆာဗီးယား သမ္မတ Aleksandar Vucic နှင့် လည်းကောင်း၊ လွှတ်တော် ဥက္ကဋ္ဌ Maja Gojkovic နှင့် လည်းကောင်း တွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.