Connect with us

Europe

အမေရိကန် စစ်ဘက်ဆိုင်ရာ အရာရှိ၏ တူရကီ-အမေရိကန် ဆက်ဆံရေး နှင့် ပတ်သက်ပြီး ပြောဆိုမှုများအား တူရကီ သမ္မတ ဝေဖန်ပြစ်တင်

တူရကီ နိုင်ငံ သမ္မတ Recep Tayyip Erdogan အားတွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ သမ္မတ Recep Tayyip Erdoganက အမေရိကန် ဗဟို စစ်ဌာနချုပ် တပ်မှူး Joseph Votel ၏ တူရကီ-အမေရိကန် ဆက်ဆံရေးနှင့် ပတ်သက်သော ပြောဆိုမှုများကို ဝေဖန် ရှုံ့ချခဲ့ပြီး အမေရိကန်သည် စစ်တပ် အာဏာသိမ်းမှု စီစဉ်သူများဘက်မှ ရပ်တည် ခဲ့ကြောင်း ဇူလိုင်လ ၂၉ ရက်က ပြောကြား ခဲ့သည်။

တူရကီ မီဒီယာများ၏ ဖော်ပြချက်အရ Erdogan သည် မြို့တော် အန်ကာရာ အနီးရှိ Golbasi အထူးတပ်ဖွဲ့ ဌာနချုပ်သို့ သွားရောက် လေ့လာ၍ မိန့်ခွန်း ပြောကြားရာတွင် Joseph Votel သည် တူရကီ အစိုးရနှင့် ပြည်သူတို့မှ စစ်တပ် အာဏာသိမ်းမှုကို ဖြိုခွဲလိုက်နိုင်သည့်အပေါ် ထောက်ခံအားပေးမှု မပေးသည့်အပြင် အာဏာသိမ်းမှု စီစဉ်သူများဘက်မှ ရပ်တည်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် Erdogan က မအောင်မြင်သည့် စစ်တပ် အာဏာသိမ်းမှုကို စီစဉ်ခဲ့သူ Fethullah Gulen သည် လက်ရှိအချိန်တွင် အမေရိကန် နိုင်ငံ၌ ခိုလှုံနေပြီး အမေရိကန် နိုင်ငံ၏ အကာအကွယ်ပေးမှုကို လက်ခံထားသည်မှာလည်း အများပြည်သူ အားလုံး သိရှိထားပြီး ဖြစ်ကြောင်း ဝေဖန်ပြစ်တင် ပြောကြား ခဲ့သည်။

Joseph Votel သည် လွန်ခဲ့သော ရက်ပိုင်းအတွင်း ကျင်းပခဲ့သည့် အမေရိကန် Aspen လုံခြုံရေး ဖိုရမ်တွင် တူရကီနိုင်ငံ အစိုးရ၏ မအောင်မြင်သည့် စစ်တပ် အာဏာသိမ်းမှုတွင် ပါဝင်ခဲ့သော စစ်ဘက်ဆိုင်ရာ အရာရှိများအား ရှင်းလင်းသည့် ဆောင်ရွက်မှုသည် အမေရိကန်-တူရကီ နှစ်နိုင်ငံမှ IS အကြမ်းဖက် အဖွဲ့အား တိုက်ခိုက်ရေး ပူးပေါင်း ဆောင်ရွက်မှုကို အနှောက်အယှက် ဖြစ်စေကြောင်း ပြောကြား ခဲ့သည်။

တူရကီ နိုင်ငံခြားရေး ဝန်ကြီး Mevlut Cavusoglu မှလည်း Joseph Votel ၏ ပြောဆိုမှုများနှင့် ပတ်သက်၍ ဝေဖန်ခြင်းများ ပြုလုပ်ခဲ့သည်။ အမေရိကန် နိုင်ငံသည် IS အကြမ်းဖက် အဖွဲ့နှင့် Kurdistan အလုပ်သမား ပါတီ တိုက်ခိုက်ရေး စသည့် ကဏ္ဍများမှ တစ်ဆင့် တူရကီ နိုင်ငံ စစ်ရေး စွမ်းရည်ကို ထိန်းချုပ်မှုများ ပြုလုပ်လိုကြောင်း ၊ ယင်းကဲ့သို့သော ဆောင်ရွက်မှုများသည် ကြိုတင် ကြံစည်မှု မဟုတ်ခဲ့လျှင် အသိဉာဏ် ကင်းမဲ့သည့် ညံ့ဖျင်းမှုတစ်ခု ဖြစ်ကြောင်း ၊ တူရကီ နိုင်ငံမှ စစ်တပ် အတွင်းရှိ မကောင်းသည့် အပိုင်းများကို ရှင်းလင်း ဆောင်ရွက်ခြင်းဖြင့် ပိုမို စွမ်းရည် မြင့်မားပြီး ပိုမို ယုံကြည်ရသည့် စစ်တပ် အဖြစ် ပြောင်းလဲ သွားနိုင်မည်ကို ၎င်းက အထူး ပြောကြားခဲ့သည်။

တူရကီ နိုင်ငံ အစိုးရသည် တစ်နိုင်ငံလုံး အတိုင်းအတာ မအောင်မြင်သည့် စစ်တပ် အာဏာသိမ်းမှုနှင့် ဂူလန် လုပ်ရှားမှု (Gulen movement ) တွင် ထောက်ခံ အားပေးခဲ့သူများကို ရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်နေသည်။ တူရကီ စစ်ဘက်ဆိုင်ရာ ဌာနချုပ်၏ ဇူလိုင်လ ၂၇ ရက် ထုတ်ပြန်ချက်အရ မအောင်မြင်သည့် စစ်တပ် အာဏာသိမ်းမှုတွင် တပ်သား ၈,၆၅၁ ဦး ပါဝင်ခဲ့ပြီး စစ်တပ်အင်အား စုစုပေါင်း၏ ၁.၅ ရာခိုင်နှုန်း ရှိကြောင်း ၊ ဗိုလ်ချုပ်ကြီး ၁၄၉ ဦး နှင့် တပ်သား ၁,၆၈၄ ဦးအား ဂူလန် လုပ်ရှားမှုတွင် ထောက်ခံခဲ့သောကြောင့် ထုတ်ပယ် လိုက်ပြီး ဖြစ်ကြောင်း ထုတ်ပြန် ခဲ့သည်။

ဇူလိုင်လ ၁၅ ရက် ညပိုင်းတွင် တူရကီနိုင်ငံ၌ မအောင်မြင်သည့် စစ်တပ် အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ် အတွင်း စုစုပေါင်း ၂၄၆ ယောက် သေဆုံးကာ ၂,၁၈၅ ယောက် ဒဏ်ရာ ရရှိခဲ့သည်။ တူရကီ နိုင်ငံ အစိုးရမှ အမေရိကန် နိုင်ငံတွင် နေထိုင်နေသည့် တူရကီလူမျိုး Fethullah Gulen မှ စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ကြောင်း စွပ်စွဲ ခဲ့ပြီး တူရကီနိုင်ငံ သို့လွှဲပြောင်း ပေးရန် အမေရိကန် နိုင်ငံသို့ တောင်းဆို ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.