Connect with us

Latin America

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှုများကို “ လုံးဝသည်းခံမည်မဟုတ်” ကြောင်း ဘရာဇီးသမ္မတကတိပြု


ရီယိုဒီဂျနေရို ၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ အမေဇုံသစ်တော၌ တောမီးများအနှံ့အပြား ဆက်လက်လောင်ကျွမ်းနေစဉ် သမ္မတ Jair Bolsonaro က သဘာဝပတ်ဝန်းကျင် ထိခိုက်အောင်ပြုလုပ်သည့် ရာဇဝတ်မှုများကို “လုံးဝသည်းခံမည်မဟုတ်” ကြောင်း သြဂုတ် ၂၃ ရက် ညနေပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ရုပ်မြင်သံကြား နှင့် ရေဒီယို မှတစ်ဆင့် ထုတ်လွှင့်သော သမ္မတမိန့်ခွန်းတွင် ၎င်း၏အစိုးရအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်အောင်ပြုလုပ်သည့် ရာဇဝတ်မှုများကို လုံးဝသည်းခံမည်မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိတောမီးအကြီးအကျယ်လောင်ကျွမ်းနေသော အမေဇုံတောသို့လက်နက်ကိုင်တပ်ဖွဲ့ဝင်များ နှင့် ကယ်ဆယ်ရေးသမားများကို စေလွှတ်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“ လက်နက်ကိုင်တပ်ဖွဲ့နဲ့ကယ်ဆယ်ရေးသမားတွေကို စေလွှတ်တာဟာ အမေဇုံတောအတွင်းမှာ တရားမဝင် လုပ်ကိုင်နေသူတွေကို နှိမ်နင်းဖို့အတွက် တစ်ခုထဲမဟုတ်ဘဲ အဲဒီဒေသမှာ ဖြစ်ပေါ်နေတဲ့ တောမီးလောင်ကျွမ်းမှုကို ဝိုင်းဝန်းငြှိမ်းသတ်ဖို့လည်း ပါပါတယ် ” ဟု ၎င်းကဆိုသည်။

သမ္မတ၏ မိန့်ခွန်းထဲတွင် ခြောက်သွေ့ရာသီကာလအတွင်း အမေဇုံမုတ်သုံသစ်တော တောမီးလောင်ကျွမ်းမှုများကို ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ယင်းမှာ ယခင်က ၎င်း၏ရပ်တည်ချက်နှင့် ကွဲပြားခြားနားမှုတစ်ခုပင်ဖြစ်ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံအမေဇုံတော၌ တောမီးအကြီးအကျယ်လောင်ကျွမ်းနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံအမေဇုံတော၌ တောမီးအကြီးအကျယ်လောင်ကျွမ်းနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံသမ္မတ Jair Bolsonaro အားတွေ့ရစဉ်(ဆင်ဟွာ)

တောမီးလောင်ကျွမ်းမှုကိုင်တွယ်ဖြေရှင်းရေးနှင့်ပတ်သက်၍ ပြီးခဲ့သော ရက်သတ္တပတ်တွင် သမ္မတက အစိုးရမဟုတ်သော အဖွဲ့အစည်းများအပေါ် ပြစ်တင်စကားဆိုခဲ့ဖူးသည်။

ပြင်သစ်နိုင်ငံသမ္မတ အီမန်နျူရယ်မက်ခရွန်က အမေဇုံသစ်တောမီးလောင်ကျွမ်းမှုမှာ နိုင်ငံတကာအကြပ်အတည်းတစ်ခုဖြစ်လာကြောင်း နှင့် ပြင်သစ်နိုင်ငံတောင်ပိုင်း၌ ပြုလုပ်မည့် G-7 အစည်းအဝေးတွင် ယင်းကိစ္စရပ်ကို ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric ကလည်း အမေဇုံသစ်တော တောမီးလောင်ကျွမ်းမှုအပေါ် အလွန်အမင်းစိုးရိမ်ပူပန်မိကြောင်း သြဂုတ် ၂၂ ရက်တွင်ပြောကြားခဲ့သည်။(Xinhua)