Connect with us

Latin America

မက္ကဆီကို ထောင်တွင်း ဆူပူအုံကြွမှုတွင် သေဆုံးသူ ၄၉ ရှိ

ထောင်တွင်းဆူပူအုံကြွမှုဖြစ်ပွားသည့် တိုပို ချီကို အကျဉ်းထောင်သို့ မက္ကဆီကို စစ်တပ်ရောက်ရှိလာစဉ် (Xinhua)

မက္ကဆီကို စီးတီး၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ နျူဗိုး လီအွန် ပြည်နယ် မွန်တာရေး မြို့ရှိ တိုပို ချီကို အကျဉ်းထောင်တွင် ဖြစ်ပွားခဲ့သည့် ထောင်သားများ ပုန်ကန်မှုတွင် သေဆုံးသူ ၄၉ ဦး ရှိခဲ့ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီလ ၁၁ ရက်တွင် ပြောကြား ခဲ့သည်။

ထိခိုက်ဒဏ်ရာ ရရှိသူ ဦးရေ ၅ ဦး ရှိပြီး ၃ ဦးမှာ အခြေအနေ ဆိုးရွားကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး Jaime Rodriguez Calderon က ဆင်ဟွာသို့ ပြောကြား ခဲ့သည်။

အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ မူးယစ်ဆေးဝါး ဂိုဏ်း နှစ်ခုသည် ဖေဖော်ဝါရီလ ၁၀ ရက်ည တွင် တိုက်ခိုက်ကြရာမှ ပုန်ကန်မှု ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။

အကျဉ်းထောင် အတွင်းရှိ အကျဉ်းသားအချို့ ပါဝင်လာချိန်တွင် အကြမ်းဖက်မှုများ ပြင်းထန်လာပြီး ရဲတပ်ဖွဲ့က အမြင့်ဆုံး သတိပေးချက် ထုတ်ခဲ့ကြောင်း သိရသည်။ အကြမ်းဖက်မှုများသည် လုံခြုံရေး တပ်ဖွဲ့များမှ ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည့် ဒေသစံတော်ချိန် ၁း၃၀ နာရီ မတိုင်ခင် နှစ်နာရီကြာ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Calderon က ယင်းဖြစ်စဉ်တွင် လွတ်မြောက်သူ မရှိကြောင်း နှင့် ပုန်ကန်သူအကျဉ်းသားအားလုံး သည် အမျိုးသားများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တိုပို ချီကို အကျဉ်းထောင်သည် အကျဉ်းသား အရေအတွက် အများဆုံး ၃,၆၈၅ ယောက်သာ ထိန်းသိမ်းထားနိုင် သော်လည်း လက်ရှိတွင် ၃,၉၈၀ ယောက် အထိ ထိန်းသိမ်းထားသည့် အတွက် ဝေဖန်ချက်များ ထွက်ပေါ်လျက် ရှိပြီး အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ကလည်း အဆိုပါ အကြောင်းအရာကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Calderon က လူဦးရေ များပြားခြင်း ပြဿနာကို ဖြေရှင်းရန် အတွက် အကျဉ်းသားအချို့ကို အခြား အကျဉ်း ထောင်များသို့ ပိုဆောင်ရန် စီစဉ်ထားပြီး ဖေဖော်ဝါရီလ ၁၁ ရက်တွင် အကျဉ်းသား ၃၆ ဦးကို ထောင် ပြောင်းရွှေ့ ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)