နယူးယောက် ၊ မေလ ၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ရှေ့နေချုပ် Eric Schneidermanကို အမျိုးသမီး ၄ ဦး က လိင်ပိုင်းဆိုင်ရာ ထိပါးကျူးလွန်မှုများရှိသည်ဟု စွပ်စွဲခဲ့ရာ ၎င်းက မေလ ၇ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။
နယူးဒေလီ၊ မေ ၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံပိုင် ရထားဝန်ထမ်းများအဖွဲ့သည် လစာပိုမိုရရှိရန် နှင့် အစိုးရက နိုင်ငံတော်ပို့ဆောင်ရေးလုပ်ငန်း အား ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲရန် ကြိုးပမ်းမှုတစ်ခုကို ဆန့်ကျင်သည့် အနေဖြင့် မေ ၈ရက်မှ စ၍ ၃ရက်ကြာ အစာငတ်ခံဆန္ဒပြသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် အိမ်၊ခြံ၊မြေ၊တိုက်ခန်းစံနှုန်းများအားယခုနှစ်မေလအတွင်း စိစစ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ပြန်လည်ပြင်ဆင်သွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် မှတ်တိုင်၌ မရပ်သော ဘတ်(စ်)ကားများ၊ ဘတ်(စ်)ကား မှတ်တိုင်တွင် ဝင်ရောက်ရပ်နားသော Taxiနှင့် ကိုယ်ပိုင်ကားများကို ထိရောက်စွာ အရေးယူသွားမည်ဟု ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးကပြောကြားသည်။
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်၏ ဒုတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး (JMC Conference) ကို ယနေ့ ရန်ကုန်မြို့၌ စတင်ကျင်းပလျက် ရှိကြောင်း သိရသည်။