Politics, Law & Military
နှစ်နိုင်ငံ နယ်နိမိတ်စာချုပ်ပါ သတ်မှတ်ချက်များ ချိုးဖောက်ရာရောက်သည့် သဲအိတ် အိုဗာဟက်ပစ်ကျင်းနှင့် ဘန်ကာများ ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်း၌ ပြုလုပ်ထား၍ တရားဝင်ကန့်ကွက်
ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ)
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်စာချုပ်ပါ သတ်မှတ်ချက်များ ချိုးဖောက်ရာရောက်သည့် သဲအိတ် အိုဗာဟက်ပစ်ကျင်းနှင့် ဘန်ကာများ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း၌ ပြုလုပ်ထား၍ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး အား ခေါ်ယူတွေ့ဆုံပြီး တရားဝင် ကန့်ကွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ ယနေ့ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြို(လက်ဝဲ)မြို့အနီး နှစ်နိုင်ငံနယ်နိမိတ် မှတ်တိုင်အမှတ် ၃၄ နှင့် မှတ်တိုင် အမှတ် ၃၅တို့နှင့် မျက်နှာချင်းဆိုင်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ဘရိုးကျေးရွာမှ အောက်ဘာ့ရှ်ဘာရီကျေးရွာအထိ အမှတ် ၃၄ BGB တပ်ရင်းမှ သဲအိတ် အိုဗာဟက်ပစ်ကျင်း( ၂)ကျင်း၊ သဲအိတ်/မြေသား အိုဗာဟက်ပစ်ကျင်း (၃) ကျင်း၊ မြေသားဘန်ကာ (၁ )ခု ၊ကွန်ကရစ်ဘန်ကာ( ၁ )ခု တို့ဖြင့် ကာရံထားသည့် နေရာ ၇ နေရာအား မတ်လ ၁၈ ရက် မှ၂၁ ရက်အထိ ပြုလုပ်ခဲ့ပြီး BGB နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက နေ့/ည စောင့်ကြပ်လျက်ရှိကြောင်းသိရှိရသည်။
ထို့အပြင် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းတွင် အမှတ် ၃၄ BGB တပ်ရင်းမှ မတ်လ ၆ ရက် နှင့်မတ်လ ၇ ရက်တို့တွင် CCTV ကင်မရာ ၄ လုံးအားလည်းကောင်း၊ မတ် ၉ ရက်နှင့် မတ်လ ၁၀ ရက်တို့တွင် လုံခြုံရေး ဆိုလာမီးတိုင် ၁၀ တိုင်ကိုလည်းကောင်း တပ်ဆင် စိုက်ထူထားကြောင်းလည်းသိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မေလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး Mr. Manjurul Karim Khan Chowdhury အား ခေါ်ယူတွေ့ဆုံပြီး ဆောက်လုပ်ထားသည့် အဆောက်အအုံများသည် နှစ်နိုင်ငံအကြား ချုပ်ဆိုထားသော နယ်နိမိတ် စာချုပ်ပါ သတ်မှတ်ချက်များကို ဖောက်ဖျက်ရာရောက်သဖြင့် ဖယ်ရှားပေးရန်၊ နယ်နိမိတ်မျဉ်းအနီးရှိ အဆောက်အအုံ မဆောက်လုပ်ရန် တားမြစ်ထားသည့်ဇုန်အတွင်းတွင် မြန်မာဘက်ခြမ်း၌ နေအိမ်၊ အဆောက်အအုံများ ဆောက်လုပ် လျက်ရှိရာတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပံ့ပိုးပေးနေမှုများ ရပ်ဆိုင်းပေးရန်နှင့် ယင်းဇုန်အတွင်း၌ တရားမဝင် နေထိုင်လျက်ရှိကြသော နေရပ်စွန့်ခွာသူများ ပြန်လည်ထွက်ခွာကြရေးအတွက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံက ပူးပေါင်းဆောင်ရွက်ပေးရန် ၊လွန်ခဲ့သောလများအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဟု ယူဆရသော ရခိုင်၊ မြို၊ ခမီ၊ ဒိုင်းနက်လူမျိုး (၃၆၈) ဦးတို့နှင့် ပတ်သက်၍ အသိပေး ပြောကြားခဲ့ပြီး ၎င်းတို့အား လိုအပ်သော နိုင်ငံသားစိစစ်မှုများ ဆောလျင်စွာ ပြုလုပ်ရေးနှင့် ၎င်းတို့ဆန္ဒအလျောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်သို့ ပို့ဆောင်ရေးအတွက် ဆောင်ရွက်ရန် ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရအကြား ရရှိထားသည့် သဘောတူညီ ချက်များနှင့်အညီ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားကြသူများကို ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အား မိုးရာသီမကျရောက်မီ စတင်ရန် မြန်မာနိုင်ငံအနေဖြင့် အဆင်သင့် ရှိနေကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
မြန်မာဘက်မှ စာရင်းပေးပို့ထားသော ရခိုင်ပြည်နယ်တွင်း၌ နေထိုင်ကြသည့် ဟိန္ဒူနှင့် မူဆလင် (၁၂၀၀) ဦးခန့်အား ပြန်လည် ပို့ဆောင်ရေးအတွက် လည်းကောင်း၊ မြန်မာဘက်မှ စိစစ်ထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ပေးပို့ထားသောစာရင်းပါ လူ (၉၂၉)ဦး တို့ကို ပြန်လည်ပို့ဆောင်ရေး အတွက်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဆောလျင်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကို လည်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့အပြင် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးဆိုင်ရာ Physical Arrangement တွင် သဘောတူညီထားချက်များအရ သတ်မှတ်ထားသည့် ပုံစံများတွင် ဖြည့်စွက်၍ လူစာရင်းများ ပေးပို့ရန် လိုအပ်ကြောင်း သံအမတ်ကြီးအား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် နေရပ်စွန့်ခွာသူများ အရေးကိစ္စနှင့် အခြားသော နှစ်နိုင်ငံဆိုင်ရာ အကျိုးတူကိစ္စရပ်များကို နှစ်ဖက် စေ့စပ်ညှိနှိုင်း ဆွေးနွေးခြင်း၊ အိမ်နီးချင်းကောင်းစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဖြေရှင်းသွားစေ လိုကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)