Africa & Middle East
ဆီးရီးယား-ဂျော်ဒန်နယ်စပ်ဂိတ်မှ ဆီးရီးယား ဒုက္ခသည် ၂၀၀၀ ကျော် မိမိနိုင်ငံသို့ ပြန်လည်ထွက်ခွာ
ဒမက်စကက်စ်၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ)
ဆီးရီးယား-ဂျော်ဒန် နှစ်နိုင်ငံနယ်စပ်တွင်ရှိသည့် Nasib-Jaber နယ်စပ်ဝင်ထွက်ဂိတ်ကို ပြီးခဲ့သော လတွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ယင်းနယ်စပ်ဂိတ်မှ တစ်ဆင့် မိမိနိုင်ငံသို့ ပြန်လည် ထွက်ခွာသွား သော ဆီးရီးယား ဒုက္ခသည် ၂၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း ဆီးရီးယား မီဒီယာများ၏ နိုဝင်ဘာ ၂၁ ရက်နေ့ သတင်းများအရ သိရသည်။
နယ်စပ်ဂိတ်ပြန်လည်ဖွင့်လှစ်သည့် တစ်လကျော်ကြာကာလတွင် ဆီးရီးယားဒုက္ခသည် ၂၃၈၀ ကျော် သည် ယင်းနယ်စပ်ဂိတ်မှတစ်ဆင့် မိမိနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြကြောင်း ၊ စစ်ပွဲကာလ အတွင်း စာရွက်စာတမ်းအထောက်အထားများ ပျောက်ဆုံးနေသည့် ဒုက္ခသည်များ နေရပ်မြေသို့ ပြန်ရာတွင် အဆင်ပြေစေရန် ဂျော်ဒန်နိုင်ငံ ဆိုင်ရာ ဆီးရီးယား သံရုံး မှ ယာယီဖြတ်သန်းသွားလာခွင့် လက်မှတ်များ ထုတ်ပေးထားကြောင်း Nasibနယ်စပ်ဂိတ် လူဝင်မှုကြီးကြပ်ရေးဌာန အကြီးအကဲ Mazen Ghandour၏ပြောဆိုချက်အား ကိုးကား၍ SANA သတင်းအေဂျင်စီက ဖော်ပြထားသည် ။
ထို့အပြင် ပြီးခဲ့သည့်လတွင် ဆီးရီးယားက လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခဲ့ရာ စစ်မှုမထမ်းဆောင်သူ သို့မဟုတ် စစ်မှုထမ်းရှောင် ဆီးရီးယားနိုင်ငံသား ၃၀၀ ကျော်သည် ဆီးရီယား-ဂျော်ဒန်နယ်စပ်မှ တစ်ဆင့် မိမိနိုင်ငံသို့ပြန်ရောက်သည့်အခါ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ကြကြောင်းသိရသည်။
Nasib-Jaber နယ်စပ်ဝင်ထွက်ဂိတ်သည် ဆီးရီးယား-ဂျော်ဒန် နှစ်နိုင်ငံ၏ တိုက်ရိုက်ကုန်သွယ်ရာ အဓိကလမ်းကြောင်းဖြစ်သလို အရှေ့အလယ်ပိုင်းဒေသများတွင် အရေးပါသည့် ကုန်းတွင်း နယ်စပ် ဂိတ် တစ်ခု ဖြစ်သည်။ ဆီးရီးယား ပြည်တွင်းစစ်ဖြစ်ပွားမှုကြောင့် ၎င်းနယ်စပ်ဂိတ်ကို ဂျော်ဒန်က ၂၀၁၅ ခုနှစ်တွင် ပိတ်ထားခဲ့သည်။ ယခုနှစ် ဇူလိုင်လတွင် ဆီးရီးယားအစိုးရတပ်က ဆန့်ကျင်ရေး လက်နက်ကိုင်များလက်ထဲမှ ၎င်းနယ်စပ်ဂိတ်ကို ပြန်လည်သိမ်းပိုက်ခဲ့ပြီး အောက်တိုဘာ ၁၅ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။
ယခုနှစ် ဇူလိုင်လအထိ ဂျော်ဒန်က လက်ခံထားသော ဆီးရီးယားဒုက္ခသည် ၁သိန်း ၃ သောင်း ရှိ ကြောင်း ဂျော်ဒန်အစိုးရ၏ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။ (Xinhua)