Politics, Law & Military
Stay at Home သတ်မှတ်ထားခြင်း မရှိသော မြို့နယ်များရှိ A အဆင့်ရ စားသောက်ဆိုင်၊လက်ဖက်ရည်ဆိုင်များ ဒီဇင်ဘာ ၄ ရက်တွင် ပြန်ဖွင့်ခွင့်ပြုမည်
နေပြည်တော်၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း
မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ကူးစက်မှု ဒုတိယလှိုင်းကြောင့် ပိတ်ထားခဲ့ရသည့် စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်များအနက် Stay at Home သတ်မှတ်ထားခြင်း မရှိသော မြို့နယ်များရှိ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် COVID-19 ကာကွယ်တားဆီးရေး ဆိုင်ရာ စံသတ်မှတ်ချက် ”A” အဆင့်နှင့် ကိုက်ညီသည့် ဆိုင်များအား ဒီဇင်ဘာလ ၄ ရက်မှ စ၍ ပြန် လည် ဖွင့်လှစ်ခွင့်ပြုနိုင်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော် မတီက ဒီဇင်ဘာ ၂ ရက်တွင် အကြောင်းကြားစာ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီအတွင်းနှင့် တိုင်းဒေသကြီး၊ပြည်နယ်များရှိ Stay At Home သတ်မှတ်ထားခြင်း မရှိသော မြို့နယ်များ၌ စစ်ဆေး ဆောင်ရွက်ပြီး “A” အဆင့် သတ်မှတ်ခြင်း ခံရသော စားသောက် ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းကို ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ ၄ ရက် နေ့မှစ၍ ပြန်လည် ခွင့်ပြုသွားရန်နှင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ရေး ကြပ်မတ်သွားရန် ဒီဇင်ဘာ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ညှိနှိုင်း အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်းလည်း အကြောင်းကြားစာတွင် ဖော်ပြပါရှိသည်။
ထိုသို့ ခွင့်ပြုနိုင်ရေးအတွက် လိုအပ်သောစစ်ဆေးမှုများကို ဆောင်ရွက်စေခဲ့ရာ စံသတ်မှတ်ချက်”A” အဆင့်နှင့် ကိုက်ညီပြီး ဆိုင်ထိုင်စားသောက်ခွင့်ပြုနိုင်သည့် ဆိုင်ပေါင်း ၈၀၁၇ ဆိုင်ရှိသည်ကို စစ်ဆေး တွေ့ရှိခဲ့ရကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့အပြင် ဖွင့်လှစ်ခွင့်ပြုထားသော ဆိုင်များအနေဖြင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအတိုင်း လိုက်နာ မှု ရှိ မရှိကို သက်ဆိုင်ရာ တာဝန်ရှိ ဌာနများက ရှောင်တခင် စစ်ဆေးသွားရန်၊ လိုက်နာခြင်း မရှိပါက လိုအပ်သလို အရေးယူ ဆောင်ရွက်သွားရန်နှင့် စစ်ဆေးရန် ကျန်ရှိနေသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအားဆက်လက် စစ်ဆေးပြီး “A” အဆင့် သတ်မှတ်ခြင်းခံရပါက ဖွင့်လှစ်ခွင့် ပြုသွားရန်လည်း ဖြည့်စွက် ဖော်ပြထားသည်။
စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်၍ စားသောက်ခြင်းအား ခွင့်မပြုဘဲ Take-away စနစ်ဖြင့်သာ ရောင်းချရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီက ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၀ ရက်တွင်ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်ကို ယခု အကြောင်းကြားစာက ဖြေလျှော့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)