Connect with us

Politics, Law & Military

Stay at Home မဟုတ်သည့်ဒေသများရှိ အစိုးရ ဝန်ထမ်းများ မူလအတိုင်း အင်အားပြည့် တာဝန်ထမ်းဆောင်ရမည်

နေပြည်တော်၌ စံပြမဲရုံများ စစ်ဆေးခဲ့စဉ် ပညာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများအား နိုငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ တွေ့ရစဉ်

နေပြည်တော်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း

နေပြည်တော်ကောင်စီ နယ်မြေအတွင်း၌ တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများနှင့် တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်များရှိ Stay at Home အစီအစဉ်တွင်အကျုံးဝင်ခြင်း မရှိသော မြို့နယ်များမှ ရုံး/ ဌာန ဝန်ထမ်းများ အနေဖြင့် ဒီဇင်ဘာ ၇ ရက် မှ စ၍ အင်အား အပြည့်အဝဖြင့် ရုံးလုပ်ငန်း တာဝန်များ ပြန်လည် ထမ်းဆောင်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ပြည်ထောင်စု အဆင့် အဖွဲ့အစည်းအားလုံး၊ ပြည်ထောင်စု ဝန်ကြီးဌာန အားလုံး၊ နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ် အစိုးရ အဖွဲ့အားလုံးသို့ ဒီဇင်ဘာ ၂ ရက်တွင် အကြောင်း ကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြောင်းကြားစာနှင့် ပတ်သက်ပြီး ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် ကောင်စီ ယာယီ ဥက္ကဌ ဦးအောင်မြင်ထွန်းက “အရင်က ဖွဲ့စည်းပုံအတိုင်း အချိန်ပြည့် အလုပ်ပြန်ဆင်းကြဖို့ပါ၊ နိုင်ငံ့ ဝန်ထမ်းတွေ အလှည့်ကျ ရုံးတက်ခဲ့ကြတယ်ဆိုပေမယ့် ရုံးအလုပ်တွေကို အိမ်မှာ ယူပြီး လုပ်ခဲ့ကြရရှာ တာပါ၊ သူတို့ခမျာ အဲဒီရက်တွေမှာ အားနေကြတာ မဟုတ်ကြပါဘူး၊ အခုတော့ ပုံမှန် ရုံးပြန်တက်ကြ ရတဲ့ သဘောပါပဲ” ဟု ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၃ ရက်တွင် ဖြေကြားခဲ့သည်။

နေပြည်တော်ကောင်စီ နယ်မြေအတွင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် ဝန်ထမ်းများတွင် Covid-19 ရောဂါ ကူးစက်မှုကို အထိုက်အလျောက် ထိန်းချုပ်လာနိုင် ကြောင်း စိစစ်တွေ့ရှိရသဖြင့် အင်အား အပြည့်အဝဖြင့် ရုံးလုပ်ငန်း တာဝန်များ ပြန်လည် ထမ်းဆောင် ရန် အကြောင်းကြားခြင်း ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၅ ရက်နေ့၌ ညွှန်ကြားထား ခဲ့သော နိုင်ငံ့ဝန်ထမ်းများ နှစ်ပတ် ရုံးတက်၊ နှစ်ပတ် အိမ်မှနေ၍ ရုံးလုပ် ငန်း ဆောင်ရွက်စေသည့် အစီအစဉ်အား ရုပ်သိမ်းပြီး ဒီဇင်ဘာ ၇ ရက် မှ စ၍ မူလ အင်အား အတိုင်း အပြည့်အ၀ ပြန်လည် တာဝန်ထမ်းဆောင်စေရန် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက် တွင် ပြုလုပ်သော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ညှိနှိုင်း အစည်းအဝေးက ဆုံးဖြတ်ခဲ့ သဖြင့် သိရှိ လိုက်နာရန် လမ်းညွှန်မှုအရ အကြောင်းကြားပါကြောင်း အဆိုပါ ကြေညာချက်စာထဲ၌ ထည့်သွင်း ဖော်ပြထားသည်။ (Xinhua)