Connect with us

North America

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရုရှားနိုင်ငံက ကြားဝင်နှောက်ယှက်ခဲ့သည်ဆိုသော အစီရင်ခံစာကို အမေရိကန်ထောက်လှမ်းအဖွဲ့ထုတ်ပြန်

အမေရိကန်သမ္မတ အိုဘားမား နှင့် ရုရှားသမ္မတ ဗလာတီမာပူတင် တို့ နှစ်ဦးအား တွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

၂ဝ၁၆ ခုနှစ် အမေရိကန်နိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် ရုရှားနိုင်ငံက ကြားဝင်နှောက်ယှက်ခဲ့သည်ဆိုသော အကြောင်းအရာများကို အမေရိကန်နိုင်ငံထောက်လှမ်းရေးအဖွဲ့က ဇန်နဝါရီလ ၆ ရက်တွင် အများပြည်သူတို့အား ထုတ်ပြန်ခဲ့သည်။

“ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ၂ဝ၁၆ ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ သမ္မတမဲဆွယ်ပွဲတွေမှာ လွှမ်းမိုးမှုရအောင် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က အမိန့်ပေးခဲ့တယ်ဆိုတာကို ကျွန်တော်တို့အခိုင်အမာပြောနိုင်ပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ အမေရိကန်နိုင်ငံ၏ ဒီမိုကရေစီလုပ်ငန်းစဉ်များတွင် ပြည်သူတို့၏ ယုံကြည်မှု လျော့ကျသွားစေရန်မှာ ရုရှားနိုင်ငံ၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်ကြောင်း အစီရင်ခံစာထဲတွင် ဖြည့်စွက်ဖော်ပြထားသည်။

“ သမ္မတလောင်း ဒေါ်နယ်ထရမ့်အတွက် ရုရှားသမ္မတပူတင် နဲ့ရုရှားအစိုးရက လုပ်ပေးခဲ့တယ်ဆိုတာ သိပ်ကိုရှင်းနေပါတယ်။ အဲဒီကောက်ချက်အပေါ်မှာ ကျွန်တော်တို့ယုံကြည်မှု အပြည့်အဝ ရှိပါတယ်” ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

အဆိုပါ အစီရင်ခံစာအတွက် ရှုထောင့်စုံ အမြင်ကို ရရှိနိုင်ရန် အမေရိကန်သမ္မတ အိုဘားမားက ၂ဝ၁၆ခုနှစ် ဒီဇင်ဘာလ ၉ ရက်တွင် အမေရိကန်ထောက်လှမ်းရေးအဖွဲ့အား အမိန့်ပေးစေခိုင်းခဲ့ခြင်းဖြစ်သည်။

၂ဝ၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရုရှားနိုင်ငံက ကြားဝင်နှောက်ယှက်ခဲ့သည်ဆိုသော စွပ်စွဲချက်ကို ဒေါ်နယ်ထရမ့်က လက်ခံရန် ထပ်တလဲလဲငြင်းဆန်လိုက်ပြီး ရုရှားနိုင်ငံအစိုးရကလည်း အမေရိကန်နိုင်ငံ၏ စွပ်စွဲချက်များကို ငြင်းဆိုထားသည်။

အမေရိကန်နိုင်ငံအပေါ် ရုရှားနိုင်ငံက ဆိုက်ဘာတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များနှင့်ပတ်သက်၍ ဒေါ်နယ်ထရမ့်သည် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၆ ရက်တွင် နယူးယောက်မြို့၌ ထောက်လှမ်းရေးအဖွဲ့အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ဒေါ်နယ်ထရမ့်က ကွန်ပြူတာစနစ် ထိုးဖောက်ဝင်ရောက်မှုသည် ရွေးကောက်ပွဲရလဒ်များကို ထိခိုက်စေသည်အထိ အကျိုးသက်ရောက်မှု မရှိကြောင်း ပြောကြားခဲ့ပြီး ၊ ယင်းလုပ်ရပ်တွင် ရုရှားအစိုးရ၌ တာဝန်ရှိသည်ဆိုခြင်းကို တိုက်ရိုက် အသိအမှတ်ပြုခဲ့ခြင်းမရှိကြောင်း သိရသည်။

သို့သော်လည်း ထောက်လှမ်းရေးအဖွဲ့အကြီးအကဲများနှင့်တွေ့ဆုံပွဲသည် “ အပြုသဘောဆောင်သော ဆွေးနွေးပွဲ” ဖြစ်ကြောင်း ထရမ့်ကပြောကြားခဲ့ပြီး ထောက်လှမ်းရေး လုပ်ငန်းဆောင်တာများအတွက် အပြည့်အဝလေးစားကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့ပြင် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားတိုင်းပြည်မှ ကွန်ပြူတာစနစ်ဝင်ရောက်နှောက်ယှက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ရက်ပေါင်း ၉ဝ အတွင်း အဖွဲ့တစ်ခုကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ ကျွန်တော်တို့အစိုးရအဖွဲ့အပါအဝင် နိုင်ငံတွင်းက အဖွဲ့အစည်းတွေ ၊ အသင်းအဖွဲ့တွေ (ဒါမှမဟုတ်) စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ဘယ်လိုအခြေအနေမျိုးမှာဖြစ်စေ ဆိုက်ဘာတိုက်ခိုက်မှုကို ရပ်တန့်သွားအောင် နဲ့လက်တုံ့ပြန် လုပ်ဆောင်သွားဖို့လိုအပ်ပါတယ် ” ဟု ထရမ့်က ဆိုသည်။(Xinhua)