Connect with us

Social, Education & Health

ရုရှားနိုင်ငံ စီးပွားရေးတွင် ဝမ်းမြောက်ဖွယ်ရှိသလို စိုးရိမ်ဖွယ်လည်းရှိ၊ တရုတ်-ရုရှား လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ တည်ငြိမ်ကောင်းမွန်စွာ တိုးတက်လျက်ရှိ

ရုရှားနိုင်ငံ မြို့တော် မော်စကိုတွင် “နှစ်စဉ်စာရင်းရှင်းတမ်းပြုခြင်း” အခမ်းအနား၌ ရုရှားနိုင်ငံ သမ္မတ ပူတင် မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

၂၀၂၄ ခုနှစ်တွင် ယူကရိန်း အကျပ်အတည်း၊ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု၊ ဖွဲ့စည်းပုံ အသွင်ကူးပြောင်းရေး အားနည်းမှုတို့ကြောင့် ရုရှားနိုင်ငံ စီးပွားရေးသည် အတိုးနှုန်းမြင့်မားမှုနှင့် ငွေကြေးဖောင်းပွမှု မြင့်မားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက် ချိန်ညှိပြုပြင်ပြီးနောက် တည်ငြိမ်တိုးတက်မှုရှိသော အခြေအနေ ဖြစ်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင်ပင် တရုတ်-ရုရှား လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ်နက်ရှိုင်းစေသလို ကုန်သွယ်မှုဖွဲ့စည်းပုံကို စဉ်ဆက်မပြတ် ပိုမိုကောင်းမွန်လာစေကာ တည်ငြိမ်မှု၊ ခံနိုင်ရည်ရှိမှု၏ ထူးခြားသော အင်္ဂါရပ်များကို ပြသခဲ့သည်။

ပြင်ပ ဖိအားများကြားမှ တည်ငြိမ်သော တိုးတက်မှုကို အကောင်အထည်ဖော်

ယူကရိန်း အကျပ်အတည်းသည် ၃ နှစ်နီးပါး ကြာမြင့်ခဲ့ပြီး အနောက်နိုင်ငံများက ရုရှားအပေါ် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည်။ ဤနောက်ခံအခြေအနေအောက်တွင် ရုရှားသည် စီပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်ကို တက်ကြွစွာ အပြုသဘောဆောင် ချိန်ညှိပြုပြင်ခဲ့ရာ တည်ငြိမ်သော စီးပွားရေးအခြေအနေကို ဖော်ဆောင်ခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) သည် ၃.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်တွင် ၃.၉ ရာခိုင်နှုန်း တိုးမြှင့်မည်ဟု ခန့်မှန်းရသည်။ ရုရှားအနေဖြင့် စီးပွားရေး ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံအချုပ်အခြာအာဏာကို တည်တံ့ခိုင်မြဲစေမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ပူတင်က မကြာသေးမီရက်တွင် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ မြို့တော် မော်စကိုရှိ နှစ်သစ်အဆင်တန်ဆာများရှေ့တွင် ဓာတ်ပုံရိုက်နေသူများကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

သုံးသပ်သူများက ၂၀၂၄ ခုနှစ်တွင် ရုရှားနိုင်ငံ စီးပွားရေး တိုးတက်မှုကို အကောင်အထည်ဖော်နိုင်သည်မှာ အဓိကအားဖြင့် ကဏ္ဍသုံးရပ်၏ ပံ့ပိုးကူညီမှုကြောင့် ဖြစ်ကြောင်း ယူဆကြသည်။

ရုရှားနိုင်ငံ မြို့တော် မော်စကိုတွင် တရုတ်-ရုရှား လူငယ်များ အစီအစဉ် ဖျော်ဖြေတင်ဆက်နေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပထမကဏ္ဍသည် စက်မှုလုပ်ငန်းနှင့် ထုတ်လုပ်မှုလုပ်ငန်း၏ တည်ငြိမ်စွာ တိုးတက်ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် ပထမ ၁၀ လအတွင်း ရုရှားစက်မှုလုပ်ငန်း တိုးတက်နှုန်းသည် ၄.၄ ရာခိုင်နှုန်းအထိ ရောက်ရှိပြီး ထုတ်လုပ်မှုလုပ်ငန်း တိုးတက်နှုန်းမှာ ၈.၁ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ကြောင်း၊ ဒုတိယကဏ္ဍမှာ အကြီးစားဘဏ္ဍာရေး အသုံးစရိတ်များဖြစ်ပြီး ၂၀၂၄ ခုနှစ် ရုရှားဘတ်ဂျတ်တွင် နိုင်ငံတော်ကာကွယ်ရေး အသုံးစရိတ်နှင့် ပြည်သူ့နေထိုင်မှု အသုံးစရိတ် အများအပြား တိုးမြင့်လာရာ စစ်ဘက်ဆိုင်ရာ ထုတ်လုပ်မှုနှင့် သုံးစွဲမှု တိုးတက်မှုကို တွန်းအားပေးခဲ့ကြောင်း၊ တတိယကဏ္ဍမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝင်ငွေမှာ ယေဘုယျအားဖြင့် တည်ငြိမ်သည့် တစ်ချိန်တည်းတွင်ပင် ရေနံနှင့် သဘာဝဓာတ်ငွေ့မဟုတ်သော ကဏ္ဍမှလည်း ဝင်ငွေများ တိုးတက်မှုရှိခဲ့ကြောင်း လေ့လာသုံးသပ်သူများက ယူဆကြသည်။

ထို့ပြင် ရုရှားနိုင်ငံ ကာကွယ်ရေး ဘတ်ဂျတ် အသုံးစရိတ်မှာ ယူကရိန်းအကျပ်အတည်းကြောင့် နှစ်စဉ် တိုးမြှင့်နေခြင်းသည် စစ်ဘက်ဆိုင်ရာ ထုတ်လုပ်မှုများအတွက် အကျိုးရှိစေပြီး စီးပွားရေးတိုးတက်မှုကို တွန်းအားပေးသော်လည်း ယင်းက အခြားသော ထုတ်လုပ်မှုအသွင် ရင်းနှီးမြှုပ်နှံမှုများကို အတိုင်းအတာတစ်ခုအထိ ဟန့်တားမှု ဖြစ်ပေါ်စေခြင်းကြောင့် သိပ္ပံနှင့် နည်းပညာတီထွင်ဖန်တီးမှု၊ ပညာရေးနှင့် အခြေခံအဆောက်အအုံ ခေတ်မီအသွင်ပြောင်းရေး စသည့် ကဏ္ဍများမှာ တိုးတက်မှုမရှိဘဲ ရပ်တန့်လျက်ရှိကာ ရုရှား ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအလားအလာကို ထိရောက်စေကြောင်း သိရသည်။

“မြင့်မားသော အတိုးနှုန်း”နှင့် “မြင့်မားသော ငွေကြေးဖောင်းပွမှု” များကြား စမ်းသပ်မှုများကို ရင်ဆိုင်နေရ

တစ်နှစ်ပတ်လုံးအနေဖြင့် ပိုမိုမြင့်မားသော တိုးတက်မှုရရှိရန် မျှော်လင့်ထားသော်လည်း ရုရှား၏ စီးပွားရေးအရှိန်အဟုန်မှာ နှေးကွေးသွားသည့် အလားအလာကို ပြသနေသည်။ ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ရုရှားစီးပွားရေးမှာ ၅.၄ ရာခိုင်နှုန်း၊ ၄.၁ ရာခိုင်နှုန်းနှင့် ၃.၁ ရာခိုင်နှုန်း အသီးသီးတိုးမြင့်လာခဲ့သည်။ ယင်းမှာ လက်ရှိ ရုရှားနိုင်ငံ၏ မြင့်မားသော ငွေကြေးဖောင်းပွမှု၊ မြင့်မားသော အတိုးနှုန်းများနှင့် နီးကပ်စွာ သက်ဆိုင်နေသည်ဟု လေ့လာသုံးသပ်သူများက ယူဆကြသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ရုရှား၏ နှစ်စဉ် ငွေကြေးဖောင်းပွမှုနှုန်းသည် ၈.၈၈ ရာခိုင်နှုန်းသို့ ရောက်ရှိလာပြီး ရုရှားဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ၄ ရာခိုင်နှုန်း ရည်မှန်းချက်ထက် ပို၍မြင့်မားနေခဲ့ကြောင်း ရုရှားစာရင်းအင်းဗျူရို၏ ကိန်းဂဏန်းအချက်အလက်များက ဖော်ပြခဲ့သည်။ ရုရှားနိုင်ငံအတွင်း ကုန်ပစ္စည်းဈေးနှုန်း မြှင့်တက်လာမှုမှာ လူသုံးကုန်ပစ္စည်း အမျိုးအစားအားလုံးနီးပါးကို လွှမ်းခြုံခဲ့သည်။
ပြည်သူလုထု၏ လက်တွေ့ခံစားချက်မှ ကြည့်လျှင် ပေါင်မုန့်၊ နွားနို့၊ ကြက်ဥ စသည့် စားသောက်ကုန်ဈေးနှုန်းများသည် နှစ်အစပိုင်းနှင့် နှိုင်းယှဉ်ပါက သိသိသာသာတိုးမြင့်လာပြီး ဆက်သွယ်ရေး၊ ခရီးသွား၊ ခရီးသည်ပို့ဆောင်ရေး၊ ဆေးကုသရေး၊ အလှပြင်နှင့် ဆံပင်ညှပ်ဆိုင် စသည့် ဝန်ဆောင်မှုကဏ္ဍများ၏ ဈေးနှုန်းများမှာလည်း ယေဘုယျအားဖြင့် မြင့်တက်လာကြောင်း ဖော်ပြခဲ့သည်။ ဈေးကွက် လေ့လာသုံးသပ်သူများက ရုရှားနိုင်ငံအတွင်း ထောက်ပံ့မှုနှင့် ဝယ်လိုအား မမျှတခြင်း၊ နိုင်ငံခြား ကုန်သွယ်ရေးငွေစာရင်းရှင်းရာတွင် ပိတ်ဆို့အရေးယူမှုခံရခြင်း စသည့်အကြောင်းအရင်းများ ပူးတွဲသက်ရောက်မှုအောက်တွင် ငွေကြေးဖောင်းပွမှုကို လျှော့ချရန် ပိုမိုခက်ခဲကြောင်း ခန့်မှန်းကြသည်။

ငွေကြေးဖောင်းပွမှုက အလုပ်အကိုင် ဈေးကွက်ကို ထိခိုက်သေးသည်။ ရုရှား ဈေးကွက် စုံစမ်းလေ့လာရေးဌာန Romir စင်တာ၏ ကိန်းဂဏန်းများအရ ရုရှားနိုင်ငံအတွင်း ဆောက်လုပ်ရေး၊ အိုးအိမ်နှင့် ပြည်သူ့ဝန်ဆောင်မှု ဌာနများ၏ ဝန်ထမ်းများက ဝင်ငွေနည်းပါး၍ အချိန်အတည်တကျမရှိခြင်းကြောင့် အမြန်အချောပို့၊ အငှားယာဉ်မောင်း စသည့် အလုပ်အကိုင်များသို့ လျင်မြန်စွာ ပြောင်းလဲလျက်ရှိကြောင်း သိရသည်။ ဈေးကွက် သုံးသပ်သူများက ရုရှားလုပ်သားဈေးကွက်တွင် လိုအပ်ချက် ရှိနေသည့် တစ်ချိန်တည်းတွင်ပင် ကော်လံပြာ အလုပ်သမား အများအပြား လုပ်ငန်းပြောင်းကြရာ ၎င်းမှာ လက်ရှိ ငွေကြေးဖောင်းပွမှု ဖိအားတိုးမြင့်ခြင်း၊ လုပ်ခလစာနှင့် ဝယ်ယူနိုင်စွမ်း တိုးတက်မှု ချိန်ခွင်လျှာမညီခြင်းတို့နှင့် သက်ဆိုင်သည်ဟု ယူဆသည်။

ထို့အပြင် မြင့်မားသည့် အတိုးနှုန်းကလည်း ရုရှားစီးပွားရေးရှင်သန်အားကို အထိန်းအချုပ် ဖြစ်စေသည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းတွင် ရုရှားဗဟိုဘဏ်က အခြေခံစံသတ်မှတ်ချက် အတိုးနှုန်းကို သမိုင်း အမြင့်ဆုံးဖြစ်သည့် ၂၁ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့သည်။ ရုရှားဗဟိုဘဏ်အတိုးနှုန်း တိုးရသည့် မူလရည်ရွယ်ချက်မှာ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဟန့်တားရန် ဖြစ်သော်လည်း မြင့်မားလှသည့် အတိုးနှုန်းက ကုမ္ပဏီလုပ်ငန်းများ ဘဏ္ဍာရေးစွမ်းရည်ကို အကန့်အသတ်ဖြစ်ပြီး ၎င်းတို့၏ လုပ်ငန်းများ တိုးချဲ့ရေးနှင့် ဆန်းသစ်ဖန်တီးရေးကို အဟန့်အတားဖြစ်ခဲ့ရာ ဈေးကွက်ရှင်သန်စွမ်းအား လျော့နည်းစေခဲ့သည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ရုရှား Gazprom bank၊ နိုင်ငံတကာနှင့်’ အဆက်အသွယ်ရှိသည့် ရုရှား အသေးစားနှင့်အလတ်စားဘဏ်ပေါင်း ၅၀ ကျော်၊ လုံခြုံရေး(စီးပွားရေးကဏ္ဍ)ဌာနပေါင်း ၄၀ ကျော်နှင့် ဘဏ္ဍာရေး အရာရှိ ၁၅ ဦးကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာ နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး (OFAC)က ကြေညာခဲ့ရာ ရူဘယ်ငွေတန်ဖိုး များစွာ ကျဆင်းခဲ့သည်။

သုံးသပ်သူများက ၂၀၂၅ ခုနှစ် ဘတ်ဂျက်ကာလသစ်သို့ ရောက်ရှိပြီးနောက် ရူဘယ်ငွေလဲနှုန်း အနည်းငယ်နိမ့်ကျခြင်း သို့မဟုတ် သွင်းကုန်အသုံးစရိတ် တိုးမြင့်ခြင်းက ထောက်ပံ့မှုမလုံလောက်ခြင်း ဖြစ်ပေါ်စေရာ ကုန်ဈေးနှုန်းမြင့်တက်ခြင်းကို တားဆီးရန် အကျိုးမရှိဟု ယူဆကြသည်။ ထို့အပြင် အနာဂတ် နိုင်ငံတကာ စွမ်းအင်ဈေးကွက် လှုပ်ခတ်ခြင်းကလည်း ရုရှား ဘဏ္ဍာရေးဝင်ငွေကို ထိခိုက်စေနိုင်ကြောင်း၊ တစ်ချိန်တည်းတွင်ပင် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုက ရုရှားကုန်သွယ်ရေးစာရင်းရှင်းတမ်းအတွက် အခက်အခဲဖြစ်စေရာ ပိတ်ဆို့မှုကို ရှောင်ရှားရန်မှာ ကုန်ကျစရိတ်ပိုမိုများပြားမည် ဖြစ်ရာ ၎င်းမှာလည်း ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ဝန်ထုပ်ဝန်ပိုးဖြစ်စေကြောင်း ယူဆကြသည်။

တရုတ်-ရုရှား ပူးပေါင်းဆောင်ရွက်မှုက ထင်သာမြင်သာသည့် အောင်မြင်မှုရလဒ်များ ပို၍ စုစည်းနိုင်

၂၀၂၄ ခုနှစ်တွင် ကသောင်းကနင်း ပြောင်းလဲနေသည့် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းနှင့် နက်ရှိုင်းစွာ ပြောင်းလဲနေသည့် နိုင်ငံတကာ ကုန်သွယ်ရေး ပတ်ဝန်းကျင်ကို ရင်ဆိုင်ရာ၌ တရုတ်-ရုရှား ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုက တည်ငြိမ်မှု၊ ကြံ့ကြံ့ခိုင်မှု ဟူသော လက္ခဏာကို ပေါ်လွင်စေခဲ့သည်။

နှစ်နိုင်ငံ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စွာ တိုးတက်ခဲ့ရာ ထင်သာမြင်သာရှိသည့် အောင်မြင်မှုရလဒ်များ ပို၍ စုစည်းခဲ့ပေသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ၏ ပိုက်လိုင်းတစ်ခုတည်း ဓာတ်ငွေ့တင်သွင်းမှုပမာဏ အများဆုံး သဘာဝဓာတ်ငွေပိုက်လိုင်း ဖြစ်သည့် တရုတ်-ရုရှား အရှေ့လမ်းကြောင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း တစ်ခုလုံး ချိတ်ဆက်ဖွင့်လှစ်ခဲ့ရာ နှစ်စဉ် ဓာတ်ငွေ့တင်သွင်းနိုင်စွမ်းမှာ ကုဗမီတာ ၃၈ ဘီလီယံအထိ တိုးမြင့်ခဲ့ရာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။ မကြာသေးမီက တရုတ်နိုင်ငံ ဟေးဟယ်- ရုရှားနိုင်ငံ ကာနီကာဂန် ကုန်းလမ်းဂိတ် ခရီးသွားဧည့်သည် သယ်ယူပို့ဆောင်ရေးကို တရားဝင်စတင် ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။

နှစ်နိုင်ငံ ကုန်သွယ်ရေး ဖွဲ့စည်းပုံမှာလည်း အဆက်မပြတ် ပို၍ကောင်းမွန်သောအသွင်သို့ ပြောင်းလျက်ရှိပေသည်။ မော်တော်ယာဉ်၊ စက်ယန္တရားနှင့် လျှပ်စစ်စက်ပစ္စည်း၊ လယ်ယာစိုက်ပျိုးရေး စသည့် ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်သော အောင်မြင်မှုရလဒ်များက တောက်ပခဲ့သလို ဝန်ဆောင်မှုကုန်သွယ်ရေး၊ နယ်စပ်ဖြတ်ကျော် e-commerce စသည့် ထွန်းသစ်စကဏ္ဍများ ပူးပေါင်းဆောင်ရွက်သည့် အရှိန်အဟုန် အားကောင်းခဲ့သည်။

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံသည် ရုရှားနိုင်ငံ၏ ပထမအကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံအဖြစ် ၁၄ နှစ် ဆက်တိုက် ထိန်းထားနိုင်ခဲ့သည်။ ၂၀၂၄ ခုနှစ် ပထမ ၁၁ လကြာကာလတွင် တရုတ်-ရုရှား နှစ်ဖက်ကုန်သွယ်ရေးသည် ပြီးခဲ့သည့်နှစ် ကာလတူထက် ၂.၁ ရာခိုင်နှုန်း တိုးမြင့်ခဲ့သည်။ “အစောကြီးကတည်းက တရုတ်နိုင်ငံက ရုရှားနိုင်ငံရဲ့အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပြီးနေပြီ၊ ဒါက နှစ်ဖက်ဆက်ဆံရေး တည်ငြိမ်ခိုင်မာမှုနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်တဲ့ အနေအထားကို ပြသခြင်း ဖြစ်တယ်”၊ ကမ္ဘာ့အခြေအနေ မည်သို့ပင် ပြောင်းလဲစေကာမူ၊ တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ရုရှားနိုင်ငံက မမှိတ်မသုန် ခိုင်မာစွာ တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ရုရှားနိုင်ငံ၏ အစဉ်အမြဲ ရေရှည် အရေးကြီးသည့် ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ (Reposted from Xinhua)
#China #Russia #Economic #တရုတ် #ရုရှား #စီးပွားရေး

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.