Politics & Security
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၃၁)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး(မျက်နှာစုံညီ)သို့ တက်ရောက်

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ဒေသစံတော်ချိန် (၁၀း၀၀) နာရီတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ Philippines International Convention Centre (PICC) ၌ ကျင်းပသည့် (၃၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး (အာဆီယံနိုင်ငံ အစိုးရအဖွဲ့ အကြီးအကဲများ၏ မျက်နှာစုံညီအစည်းအဝေး)သို့ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန မှသတင်းထုတ်ပြန်သည်။
အဆိုပါမျက်နှာစုံညီအစည်းအဝေးသို့ အာဆီယံ(၁၀)နိုင်ငံမှ နိုင်ငံ့အကြီးအကဲများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ ဂျကာတာမြို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးမှ မြန်မာအမြဲတမ်းကိုယ်စားလှယ်/ သံအမတ်ကြီး ဦးမင်းလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)