Connect with us

Business

ကျောက်မျက်ရတနာ ရောင်းဝယ်ခြင်းနှင့် ပတ်သက်သည့်လုပ်ငန်းလိုင်စင်များ လိုင်စင်သက်တမ်းမကုန်ဆုံးမီ ၃ လကြိုတင်၍လျှောက်ထားနိုင်

ရန်ကုန်မြို့၊ ဗိုလ်ချုပ်ဈေးရှိ ကျောက်မျက်ရတနာဆိုင်တစ်ခု၌ ကျောက်စိမ်းပုတီးအား ကြည့်ရှုနေသူတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ကျောက်မျက်ရတနာအချောထည်နှင့် လက်ဝတ်ရတနာရောင်းဝယ်ခြင်းလုပ်ငန်းလိုင်စင်၊ ကျောက်မျက် ရတနာအချောထည်နှင့် ရုပ်တုရုပ်ထွင်းများ ပြုလုပ်ခြင်းလုပ်ငန်းလိုင်စင်နှင့် ကျောက်မျက်ရတနာအရိုင်း၊ အချောများ ရောင်းဝယ်ခြင်းလုပ်ငန်းလိုင်စင် သက်တမ်းတိုးမြှင့်ခွင့်လျှောက်လွှာများအား လိုင်စင်သက်တမ်းမကုန်ဆုံးမီ ၃ လကြိုတင်၍ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းသို့ လျှောက်ထားနိုင်ကြောင်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ နိုဝင်ဘာ ၂၅ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

လိုင်စင်သက်တမ်းတိုးလျှောက်ထားလိုသူများသည် လိုင်စင်သက်တမ်းမကုန်ဆုံးမီ အနည်းဆုံး ၁ လထက်နောက်မကျစေဘဲ သက်တမ်းတိုးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် အတွက် လိုင်စင်သက်တမ်းတိုးလျှောက်ထားလိုသူများသည် လိုင်စင်သက်တမ်းမကုန်ဆုံးမီ ၁လ ကြိုတင်၍ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း(ရုံးချုပ်) နေပြည်တော်၊ ရန်ကုန်ပြတိုက်ဌာန၊ မန္တလေးစခန်းရုံး၊ မိုးကုတ်တူးဖော်ရေးဌာန၊ မိုင်းရှူးတူးဖော်ရေးဌာန၊လုံးခင်း/ဖားကန့် တူးဖော်ရေးဌာန နှင့် မြစ်ကြီးနားစခန်းရုံးတို့တွင် သတ်မှတ်ချက်များနှင့် အညီ လျှောက်လွှာတင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

လိုင်စင်သက်တမ်းမကုန်ဆုံးမီ လုပ်ငန်းဆက်လက်လုပ်ကိုင်ခြင်း မပြုလိုသူများ အနေဖြင့် လုပ်ငန်းမရပ်စဲမီ ၁ လကြိုတင်၍ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းသို့ အကြောင်းကြား၍ သတ်မှတ်ချက်နှင့် အညီ လိုင်စင်များ ပြန်လည်အပ်နှံကြရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လုပ်ငန်းလိုင်စင်နှင့် ထုတ်ယူထားသော အရောင်းပြေစာစာအုပ် များ စာရင်းရှင်းလင်းအပ်နှံခြင်းများကို သက်တမ်းမကုန်ဆုံးမီ အနည်းဆုံး ၁လကြိုတင်၍ ဆက်သွယ်ဆောင်ရွက်ကြရမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)