Connect with us

Local

ဗိုလ်တထောင်- ကြည့်မြင်တိုင် ကမ်းနားလမ်းသစ်မှ လမ်းဖြတ်သန်းခ ကျပ် သန်းသုံးရာခန့်ရရှိ

ဗိုလ်တထောင်- ကြည့်မြင်တိုင် ကမ်းနားလမ်းသစ် အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နေပြည်တော်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် သန်လျက်စွန်းမှ ကြည့်မြင်တိုင် မြို့နယ် ဗားကရာလမ်း အထိ မီးရထားလမ်းပါ ပူးတွဲ ဖောက်လုပ်ထားသည့် ကမ်းနားလမ်းသစ်မှ လမ်းဖြတ်သန်းခ ဝင်ငွေ၏ ငါးရာခိုင်နှုန်း ဖြစ်သော ကျပ် ၂၉၃ ဒသမ ၂၆၄ သန်းကို ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီထံ ပေးသွင်းပြီး ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

“ကမ်းနားလမ်းသစ်ကို Virtue Land co., Ltd. (ကောင်းမြတ်သော မြေကုမ္ပဏီ) က ကုန်ကျငွေ စိုက်ထုတ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကုမ္ပဏီနဲ့အကျိုးတူ BOT စနစ်နဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ယာဉ် ဖြတ်သန်းခွင့်ကို ၂၀၁၃ ဧပြီလ ၁ ရက်နေ့က စတင် ကောက်ခံ ခဲ့ပါတယ်။ ကောက်ခံ ရရှိငွေရဲ့ ငါးရာခိုင်နှုန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ငွေစာရင်းကို ပေးသွင်းလျက် ရှိရာ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ ၁၄၁ ဒသမ ၁၄၉ သန်း၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ၁၅၂ ဒသမ ၁၁၄ သန်း၊ စုစုပေါင်း ၂၉၃ ဒသမ ၂၆၄ သန်းရရှိခဲ့ပြီး ဖြစ်ပါတယ်” ဟု ၎င်းက ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။
BOT စာချုပ်အရ Virtue Land co., Ltd. (ကောင်းမြတ်သော မြေကုမ္ပဏီ) သည် လမ်းဖြတ်သန်းခ ဝင်ငွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ခွဲဝေရာတွင် ပထမ ၁၅ နှစ်၌ ငါး ရာခိုင်နှုန်း၊ ဒုတိယ ၁၅ နှစ်၌ ရှစ် ရာခိုင်နှုန်းနှင့် နောက်ထပ် ၁၀ နှစ်၌ ၁၀ ရာခိုင်နှုန်း ပေးသွင်းရမည် ဖြစ်ပြီး ယခု ကျပ် ၂၉၃ ဒသမ ၂၆၄ သန်းသည် ပထမ ၁၅ နှစ်ရှိ အဦးဆုံး နှစ်နှစ်တာ အတွက် ပေးသွင်းငွေ ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ရှင်းပြသည်။
အလုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲလွင်၏ “ကမ်းနား လမ်းသစ် စီမံကိန်းကို မည်သည့် စနစ်ဖြင့် ဖောက်လုပ်ခဲ့ပြီး လမ်းဖြတ်သန်းခများကို ပြည်ထောင်စု ဘဏ္ဍာငွေသို့ထည့်သွင်းခြင်း ရှိ မရှိ နှင့် မည်သည့် အဖွဲ့အစည်းနှင့် အကျိုးတူ ဆောင်ရွက်ထားသနည်း” ဟူသော မေးခွန်းကို ပြည်ထောင်စု ဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ကိုယ်စား ပြည်သူ့လွှတ်တော်တွင် လာရောက် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
သန်လျက်စွန်းမှ ဗားကရာလမ်း အထိ ၅ ဒသမ ၀၆၉ မိုင် ရှည်ပြီး တစ်ဘက်တွင် ယာဉ်သွားလမ်း နှစ်လမ်း ပါဝင်ကာ ကမ်းနားဘက် ယာဉ်သွားလမ်းတွင် ရထားလမ်းပါ ထည့်သွင်း ဖောက်လုပ်ထားသဖြင့် အကျယ် ၅၂ ပေ ရှိသော အဆိုပါ ကမ်းနားလမ်းသစ် ဆောက်လုပ်ရန် ၂၀၁၃ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် အစည်းအဝေးက ခွင့်ပြုခဲ့ကြောင်းလည်း ဝန်ကြီးက ရှင်းပြသည်။
လမ်းဖြတ်သန်းခ အဖြစ် ၁၄ ပေနှင့် အောက်ရှိ ယာဉ် တစ်စီးလျှင် ၂၄ နာရီအတွင်း ၁,၅၀၀ ကျပ်၊ တန် ၂၀ နှင့် အထက် ကုန်တင်ယာဉ် တစ်စီး – ၄,၀၀၀ ကျပ်နှုန်း ကောက်ခံလျက် ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.