Local
သီလဝါ အထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ရှိ

ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၌ အထူးစီးပွားရေးဇုန် ၃ ခု အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် သီလဝါ အထူး စီးပွားရေး ဇုန်တွင် နိုင်ငံပေါင်း (၁၂) နိုင်ငံမှ ကုမ္ပဏီ ၄၈ ခုအား ရင်းနှီးမြှုပ်နှံမှုခွင့်ပြုမိန့် ထုတ်ပေးခဲ့ပြီး ရင်းနှီး မြှုပ်နှံမှု စုစုပေါင်း မှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရှိပြီဖြစ်ကြောင်း မြန်မာ့အထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေးမှ သိရသည်။
သီလဝါ အထူးစီးပွားရေးဇုန် ပထမအဆင့် (၁) အနေဖြင့် ဟက်တာ ၄၀၀ ရှိသည့် Residential Area နှင့် Commercial Area ကို လုပ်ဆောင်မည် ဖြစ်ကြောင်း ၊ ဒုတိယအဆင့်အနေဖြင့် ဟက်တာ ၇၀၀ ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အထူးစီးပွားရေးဇုန် ၃ ခုအနက် အောင်မြင်မှုအရှိဆုံး နှင့် လက်တွေ့ စတင်ဖော်ထုတ်နိုင်သည်မှာ သီလဝါအထူးစီးပွားရေးဇုန် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်နိုင်မှုမှာ ထားဝယ်အထူးစီးပွားရေးဇုန်၌ Roland Berger ကုမ္ပဏီ အနေဖြင့် Project Management Office (PMO)အဖြစ် ဆက်လက် ဆောင်ရွက်ပြီး ကနဦး စီမံကိန်းများပြီးစီးရေးအတွက် ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်နေရာအတည်ပြု တိုင်းတာသတ်မှတ် ကြေညာရန်အတွက် တိုင်းတာပြီးစီးသည့် မြေဧရိယာ၄၂၈၉.၃၂ဧကအား အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့တင်ပြထားပြီး အတည်ပြုချက် ရရှိသည်နှင့် အမိန့် ကြော်ငြာစာ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိဖော်ဆောင်နေသည့် အထူးစီးပွားရေးဇုန်များသည် ပင်လယ် ကမ်းရိုးတန်း၊ ရေဆိပ် လမ်းကြောင်းများ အပေါ်တည်ရှိပြီး မြန်မာနိုင်ငံ အတွက် သာမက အာဆီယံနိုင်ငံများအတွက်လည်း connectivity ရှုထောင့်က ကြည့်လျှင် အရေးကြီး သည့် မဟာဗျူဟာကျသော နေရာတွင်ရှိသဖြင့် အောင်မြင်အောင် ဆောင်ရွက်ရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တိုက်တွန်း ပြောကြားခဲ့သည်။ (Xinhua)