Business
၅၈ ကြိမ်မြောက်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပပြီးစီး

ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ)
နေပြည်တော်တွင် ကျင်းပသော ၅၈ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မတ် ၂၃ ရက်က ကျင်းပပြီးစီးခဲ့ကြောင်း မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း မှ အထွေထွေမန်နေဂျာ ဦးသက်ခိုင်က ဆင်ဟွာသို့ မတ် ၂၄ ရက်တွင် ပြောသည်။
၇ရက်တာကျင်းပခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် စုစုပေါင်း ပုလဲအတွဲပေါင်း ၂၉၀ တွဲ၊ ကျောက်မျက်အတွဲ ၇၇ တွဲနှင့် ကျောက်စိမ်းအတွဲပေါင်း ၁၅၄၄ တွဲ ရောင်းချနိုင်ခဲ့ကြောင်း မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းမှ သိရသည်။
ပြပွဲကာလအတွင်း ပုလဲအတွဲပေါင်း ၂၉၅ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ တွဲနှင့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တွဲတို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

နေပြည်တော်တွင် ကျင်းပခဲ့သော ကျောက်မျက်ရတနာပြပွဲတစ်ခုတွင် ကျောက်မျက်ရတနာများကို ကြည့်ရှုနေသူများကို တွေ့ရစဉ် (ဆင်ဟွာ)
ကျောက်မျက်ရတနာပြပွဲကို နိုင်ငံခြားဝင်ငွေရရှိရန် နှင့် နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အတွက် စီးပွားရေး အကျိုးအမြတ်များရရှိရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း မှ ဒုတိယဥက္ကဋ္ဌ ဦးဇော်ဘိုခန့် က“၅၇ ကြိမ်မြောက်မြန်မာ့ ကျောက်မျက်ရတနာပြပွဲ နဲ့ယှဉ်ရင်တော့ ရောင်းအားအေးခဲ့ပါတယ်’’ ဟု ဆင်ဟွာသို့ မတ် ၂၄ ရက်တွင်ပြောသည်။
၅၇ ကြိမ်မြောက်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၂၀၂၂ ခုနှစ် ဧပြီလကနေပြည်တော်တွင် ကျင်းပခဲ့သည်။
မြန်မာနိုင်ငံတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၁၉၄၆ ခုနှစ်ကတည်းက ကျင်းပခဲ့ခြင်းဖြစ်သည်။ (Xinhua)