Connect with us

Business

မြန်မာနိုင်ငံ က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများသို့ ပြောင်းတန်ချိန် ၂ သန်းတင်ပို့ရန်လျာထား

ရန်ကုန်မြို့ရှိ ဂိုထောင်တစ်ခုတွင် ပြောင်းအိတ်များကို သယ်နေသည့် အလုပ်သမားများကို ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ ဂိုထောင်တစ်ခုတွင် ပြောင်းအိတ်များကို သယ်နေသည့် အလုပ်သမားများကို ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ ဂိုထောင်တစ်ခုတွင် ပြောင်းအိတ်များကို ကုန်တင်ကားပေါ်သို့ သယ်ယူနေသော အလုပ်သမားတစ်ဦးကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ဧပြီလမှစတင်သော၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများသို့ ပြောင်းတန်ချိန် နှစ်သန်းကျော် တင်ပို့ရန်လျာထားကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဖြိုးကိုကိုနိုင်က ဆင်ဟွာသို့ပြောသည်။

“မြန်မာနိုင်ငံက ပြောင်းတွေကို ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ကို တင်ပို့ပါတယ်။ ပြောင်းကို အဓိကတင်ပို့ရတဲ့နိုင်ငံတွေကတော့ ဗီယက်နမ်နိုင်ငံ၊ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ဖြစ်ပါတယ်”ဟု ဒေါက်တာဖြိုးကိုကိုနိုင်ကပြောသည်။မြန်မာနိုင်ငံတွင် ပြောင်းစိုက်ဧက နှစ်သန်းခန့်ရှိပြီးတစ်နိုင်ငံလုံးပြောင်းထွက်ရှိမှု၏ ၆၀ ရာခိုင်နှုန်းမှာ ရှမ်းပြည်နယ်မှထွက်ရှိကြောင်း၊ ရှမ်းပြည်နယ်တွင် မိုးရာသီ၌ ပြောင်းစိုက်ပျိုးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆောင်းရာသီတွင် စိုက်ပျိုးကြကြောင်း ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် ပြောင်းတန်ချိန် ၃ သန်းခန့် ထွက်ရှိကြောင်း သိရသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံက ပြောင်းတန်ချိန် တစ်သန်းခန့် တင်ပို့ခဲ့ကြောင်း ၎င်းကဆိုသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့အပါအဝင် ပြည်ပနိုင်ငံများသို့ ပြောင်းတန်ချိန် ၂.၃ သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြောင်းကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးကြောင်း သိရသည်။ (Xinhua)