Connect with us

Business

မြန်မာနိုင်ငံ၏ လျှပ်စစ်ကားရှေ့ပြေးစီမံကိန်းအတွက် တရုတ်နိုင်ငံမှလျှပ်စစ်ကားများတင်သွင်း

ရန်ကုန်မြို့ရှိ Pannita Auto Fair တွင် တရုတ်နိုင်ငံမှ တင်သွင်းလာသော BYD e2 ဘက်ထရီ လျှပ်စစ်ကား လာရောက်ကြည့်ရှုသူများ ကို ၂၀၂၃ ခုနှစ်၊ မတ် ၂ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံက တစ်နှစ်တာ ရှေ့ပြေး လျှပ်စစ်ကား (EV )ပရောဂျက်ကို အကောင်အထည် ဖော်ရန်အတွက် တရုတ်နိုင်ငံထုတ် ဘက်ထရီ လျှပ်စစ်ကားများ (BEV) ပထမအသုတ်ကို ဇန်နဝါရီလတွင် တင်သွင်းခဲ့သည်။

ရန်ကုန်မြို့ရှိ Pannita Auto Fair တွင် တရုတ်နိုင်ငံမှ တင်သွင်းသည့် BYD Dolphin လျှပ်စစ်ကားကြည့်ရှုနေသူများကို ၂၀၂၃ ခုနှစ်၊ မတ် ၂ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ Pannita Auto Fair တွင် BYD လျှပ်စစ်ကားများ ပြသထားမှုကို ၂၀၂၃ ခုနှစ်၊ မတ် ၂ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

” တရုတ် EV ကား တွေက ကမ္ဘာတစ်ဝန်းမှာ အောင်မြင်မှုရရှိနေပါတယ်။ ဒါကြောင့် တရုတ်ကားတွေ တင်သွင်းခွင့်တွေကို စိစစ်ခွင့်ပြုပေးနေပါတယ်။” ဟု စက်မှုဝန်ကြီးဌာနမှ ဒုတိယအထွေထွေမန်နေဂျာ ဒေါ်မြတ်မွန်သိန်းက ပြောသည်။
EV ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာနိုင်ငံက လျှပ်စစ်မော်တော်ကားများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်လုပ်ငန်းဆိုင်ရာ အမျိုးသားအဆင့် ဦးဆောင်ကော်မတီကို ယမန်နှစ် ဇွန်လတွင် ဖွဲ့စည်းခဲ့သည်။
“EVကားတင်သွင်းခွင့် မူဝါဒကို ရေးဆွဲထားပြီးသားပါ။ EVကား မူဝါဒကို မတ်လမှာ ထုတ်ပြန်သွားမှာပါ” ဟု ဒေါ်မြတ်မွန်သိန်းက ပြောသည်။
“BEV တင်သွင်းမှုအပေါ် စည်းကြပ်ခွန်တွေ သိသိသာသာ လျှော့ချလိုက်တာကြောင့် BEV များ တင်သွင်းတာနဲ့ ဝယ်ယူတာတွေမှာ လူအများရဲ့စိတ်ဝင်စားမှု မြင့်တက်လာတယ်” ဟု ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဘတ်စ်ကားများနှင့် အငှားယာဉ်များအပါအဝင် BEV အစီးရေ ၃,၀၀၀ ခန့်ကို ကနဦးတင်သွင်းခွင့်ပြုခဲ့သည်။ ယင်းတို့အနက် ပထမအသုတ်အနေဖြင့် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလတို့တွင် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး ဆက်လက်၍ မကြာမီကာလအတွင်းတွင်လည်း EVကားအစီးရေ ပိုမိုရောက်ရှိလာမည်ဖြစ်ကြောင်းဒေါ်မြတ်မွန်သိန်းကဆိုသည်။
EVကား တင်သွင်းခွင့်ပြုထားသော ကုမ္ပဏီက လက်ရှိတွင် ၈ ခုအထိ ရှိနေပြီဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုမူဝါဒနှင့် ယှဉ်ထိုး၍ မူဘောင်နှင့်အညီ ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။
BYD Motor Myanmar သည် EVကားတင်သွင်းခွင့်ပြုထားသော ကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပြီး ယခုနှစ်အတွင်း မြန်မာနိုင်ငံမှ တင်သွင်းသည့် ပထမအသုတ်တွင် BYD e2 ဘက်ထရီ လျှပ်စစ်ကား အစီးရေ ၄၀ ရောက်ရှိပြီးဖြစ်ကြောင်း သိရသည်။
“ချို့ယွင်းမှုနည်းပြီး အာမခံချက်အပြည့်ရှိတဲ့ BYD ကားတွေကို ကျွန်တော်တို့ တင်သွင်းပါတယ်။ BYD က တရုတ်နိုင်ငံရဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ကမ္ဘာမှာအသုံးများသလို သုံးစွဲသူအတွက်လည်း လုံခြုံမှုရှိပါတယ်။ နောက်ပြီး ကားတွေရဲ့ ဒီဇိုင်းနဲ့ အတွင်းပိုင်း အင်္ဂါရပ်တွေကလည်း ကောင်းပါတယ် ” ဟု BYD Motor Myanmar မှ မော်တော်ကားရောင်းချသူ ဦးဇော်ဝင်းသူက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
လျှပ်စစ်ကားများ တင်သွင်းသုံးစွဲနိုင်ရေးအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်နေခြင်းကြောင့် နိုင်ငံအတွင်း လျှပ်စစ်ကားများ အသုံးပြုမှုမှာ ရေရှည်တွင် ပိုမိုများပြားလာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အစိုးရအနေဖြင့် EV ကားများ အားသွင်းနိုင်ရန် အားသွင်းစခန်းများတည်ဆောက်ရာတွင်ကူညီခြင်းအပါအဝင် EV ကားလုပ်ငန်းအတွက် အထောက်အပံ့များစွာကို ပံ့ပိုးပေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် အများပြည်သူသုံး EVကား အားသွင်းစက် ၁၄၀ ကျော် တပ်ဆင်ခြင်းနှင့် တည်ဆောက်ခြင်းများကို ခွင့်ပြုပေးထားကြောင်း စက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အစိုးရ၏ မူဝါဒများဖြင့် ပံ့ပိုးပေးသည့် EV ကား လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသော်လည်း လက်ရှိတွင် ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သော ကားလုပ်ငန်းရှင်များ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချသူများအသင်း (MAMDA) ဥက္ကဋ္ဌ ဦးဇော်ထိုက်အေးက အလေးထားပြောကြားခဲ့သည်။
“EV ကားအတွက်တော့ လက်ရှိလျှပ်စစ်မီးအခြေအနေကစိန်ခေါ်မှုရှိနေပေမဲ့ အစိုးရအနေနဲ့ အားသွင်းစခန်းတွေ တည်ဆောက်ဖို့ ဆောင်ရွက်နေတဲ့အတွက် အဆင်ပြေသွားမှာဖြစ်ပါတယ်’’ ဟု ဦးဇော်ထိုက်အေးကပြောသည်။
မြန်မာနိုင်ငံတွင် မော်တော်ယာဉ်တင်သွင်းသူအချို့က စက်သုံးဆီဈေးနှုန်းများမြင့်တက်လာမှုကြောင့် အနာဂတ်တွင် နိုင်ငံအတွင်း EVကား များအသုံးပြုမှု ပိုမိုများပြားလာမည်ဟုမျှော်လင့်ကြကြောင်းသိရသည်။
မော်တော်ကားရောင်းဝယ်သူများ၏အဆိုအရ၊ တရုတ်နိုင်ငံထုတ် EV များ၏စျေးကွက်ဝေစုသည်လက်ရှိမြန်မာနိုင်ငံတွင် နေရာယူလာကြောင်းသိရသည်။
“အခုလောလောဆယ် တရုတ် Jetour ကားကို သုံးနေပါတယ်။ အနာဂတ်မှာ စက်သုံးဆီဈေးမြင့်တက်တဲ့အတွက် ကုန်ကျစရိတ်ကို လျှော့ချနိုင်ဖို့ EV ကားတစ်စီး ဝယ်ဖို့ စဉ်းစားနေပါတယ်” ဟု ရန်ကုန်မှ မော်တော် ယာဉ်အသုံးပြုသူတစ်ဦးက ပြောသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.