Politics, Law & Military
အမေရိကန်-မက္ကဆီကို သဘောတူညီချက် အပြောင်းအလဲရှိလျှင် အခွန်ပြန်စည်းကြပ်မည်ဟု အမေရိကန် အကြပ်ကိုင်
ပေကျင်း၊ ဇွန် ၁၂ ရက်(ဆင်ဟွာ)
အမေရိကန်နှင့်မက္ကဆီကိုအကြား နယ်စပ်တရားမဝင်ရွှေ့ပြောင်းနေထိုင်သူအရေးသဘောညီချက်တွင် ထုတ်ပြန်ဖော်ပြထားခြင်းမရှိသေးသည့်အကြောင်းအရာတစ်ချို့ရှိရာ မက္ကဆီကို ဥပဒေပြုရေးရာဌာန၏ အတည်ပြုချက်ကို ရရန် စောင့်နေရကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၁၀ ရက်နေ့ တွင် ပြောကြားခဲ့သည်။ အကယ်၍အဆိုပါအကြောင်းအရာများကို အတည်မပြုပါက အမေရိကန်အနေဖြင့် မက္ကဆီကို ကုန်ပစ္စည်းများကို အခွန်ပြန်လည်စည်းကြပ်မည်ဖြစ်ကြောင်း သိရသည်။ မက္ကဆီကိုဘက်ကမူ သဘောတူညီချက်ပါအကြောင်းအရာများအားလုံးကို ထုတ်ပြန်ဖော်ပြထားပြီဖြစ်သည်ဟု ဆိုသည်။
ထရမ့်အစိုးရနှင့် မက္ကဆီကို အကြား သဘောတူညီချက် ရရှိပြီးမကြာသေးမီတွင် ယခုကဲ့သို့ အခွန်လက်နက်ပြန်လည်ထုတ်ပြခြင်းက အမေရိကန်အစိုးရ၏ ကုန်သွယ်ရေးနှင့်နိုင်ငံလုံခြုံရေးပြဿနာအကြားရှိစည်းကို ပို၍မှုန်ဝါးဝါးလုပ်ခြင်းဖြစ်သည်မှာ ထင်ရှားကြောင်း ဝေဖန်သုံးသပ်သူများက မှတ်ချက်ပေးကြသည်။
ထုတ်ပြန်ဖော်ပြထားခြင်းမရှိသေးသည့် သဘောတူညီချက်ပါအကြောင်းအရာများကို မကြာမီတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ၊ သို့သော် မက္ကဆီကို ဥပဒေပြုရေးရာဌာန၏မဲပေးတည်ပြုမှုကို လိုအပ်ကြောင်း ထရမ့်က ဇွန် ၁၀ ရက်တွင် လူမှုကွန်ရက်မီဒီယာမှတစ်ဆင့် ဖော်ပြထားသည်။ မဲပေးအတည်ပြုမှုက ပြဿနာရှိမည်ဟု မထင်ကြောင်း ၊ သို့သော် မည်သည့်အကြောင်းပြချက်ဖြင့် ဖြစ်စေ အတည်ပြုချက်မပေးခဲ့ပါက အမေရိကန်အနေဖြင့် မက္ကဆီကို သွင်းကုန်များကို အခွန်ပြန်လည် စည်းကြပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မက္ကဆီကိုနှင့် သဘောတူညီချက်ရရှိပြီဟု ထရမ့် ကြေညာပြီး ၃ ရက်သာ အကြာတွင် ယခုကဲ့သို့ အကြပ်ကိုင်ခြိမ်းခြောက်ပြောဆိုမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဇွန် ၉ ရက်တွင်လည်း ထရမ့်က အလားတူ သတိပေးပြောဆိုမှုများ ရှိခဲ့သည်။
လက်ရှိ အမေရိကန်-မက္ကဆီကို သဘောတူညီချက်သည် အမေရိကန်ပြည်တွင်း သံသယများနှင့် ရင်ဆိုင်နေရရာ အမေရိကန်မီဒီယာများက သဘောတူညီချက်တွင် အကြောင်းအရာသစ်များ သိပ်မပါဟု မှတ်ချက်ပေးကြသည်။ ဥပမာ-သဘောတူညီချက်တွင်ပါရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ စေလွှတ်ခြင်းစသည့် နည်းလမ်းများ တရားမဝင်နေထိုင်သူအရေးကို ဖြေရှင်းရန် မက္ကဆီကို သဘောတူသည်ဟု ဆိုသည်မှာ ယခုနှစ် မတ်လ ကတည်းက ဖြစ်ကြောင်း နယူးယောက်တိုင်းမ် သတင်းစာက အမေရိကန်၊မက္ကဆီကို အရာရှိများ၏ ပြောကြားချက်ကို ကိုးကား ဖော်ပြပြီးဖြစ်သည်။
အမေရိကန်-မက္ကဆီကို သဘောတူညီချက်တွင် ထုတ်ပြန်ဖော်ပြခြင်းမရှိသေးသည့်အကြောင်းအရာ ရှိမရှိကိုမူ မက္ကဆီကို၏ပြောကြားချက်က အမေရိကန်နှင့်မတူကွဲပြားနေသည်။ ဇွန် ၇ ရက်တွင် နှစ်နိုင်ငံ သဘောတူညီချက်ရရှိခဲ့ပြီဖြစ်ကြောင်းနှင့် သက်ဆိုင်ရာအကြောင်းအရာများကို ထုတ်ပြန်ဖော်ပြပြီး ဖြစ်ကြောင်း မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး မာဆယ်လို အီဘရတ် (Marcelo Ebrard) က ဇွန် ၁၀ ရက် တွင် ပြောကြားခဲ့သည်။ အကယ်၍ အမေရိကတိုက်အလယ်ပိုင်းရွှေ့ပြောင်းနေထိုင်သူ အရေအတွက် လျော့နည်းခြင်းမရှိပါက နောက်ဆက်ဆောင်ရွက်မည့်ကိစ္စများကို နောက်ထပ် ဆွေးနွေးညှိနှိုင်းမည်ဖြစ်ကြောင်း၊ ထို့မှလွဲ၍ အခြားအကြောင်းအရာများမပါဝင်ကြောင်း ၎င်းက ဆိုသည်။
Brookings Institution ကမ္ဘာ့စီးပွားရေးနှင့်ဖွံ့ဖြိုးရေး သုတေသန ပညာရှင် Geoffrey Gertzက အမေရိကန်အနေဖြင့် မက္ကဆီကိုအား ဖိအားပေးရန်အတွက် အခွန်လက်နက်ထပ်ပြခြင်းက လက်ရှိ အမေရိကန်အစိုးရ၏ ကုန်သွယ်ရေးနှင့်နိုင်ငံလုံခြုံရေးအကြားခွဲခြားမရအောင် ဝိုးတဝါးဖြစ်စေသည်ဟု ဆိုသည်။
ထရမ့်အစိုးရက ထိုမတိုင်မီကလည်း ရွှေ့ပြောင်းနေထိုင်သူအရေးတွင် ဇတ်လမ်းလုပ်နေခဲ့သည်။ ရွှေ့ပြောင်းနေထိုင်သူအရေးတွင် ရပ်တည်ချက်များခိုင်မာနေခြင်းက ထရမ့် ရွေးကောက်ပွဲအနိုင်ရသည့် အဓိက အကြောင်းအရင်းဖြစ်ခြင်းကြောင့် ဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲတွင် ဆက်လက်အနိုင်ရရန် အရေးကြီးသည့် ရွှေ့ကွက်ကျား ဖြစ်နေကြောင်း အမေရိကန် မီဒီယာအချို့က ဆိုသည်။
လက်ရှိ အာဏာရ အမေရိကန် အစိုးရအနေဖြင့် အပြောင်းအလဲများခြင်း၊ အတင်းအကြပ်ဖိအားပေး အကြပ်ကိုင်ခြင်းများသည် ၎င်း၏ သံခင်းတမန်ခင်းနည်းလမ်းတစ်ခုပင်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းသည် အင်အားကြီးနိုင်ငံ၏ပြုမူဆောင်ရွက်မှုနှင့်မတူ နိုင်ငံတကာ ယုံကြည်မှုနှင့်ပုံရိပ်ကို ဆိုးဝါးစွာ ထိခိုက်စေသည်။ အမေရိကန်၏ အိမ်နီးချင်းနိုင်ငံ မက္ကဆီကို အပေါ်ဆက်ဆံသည့် နိုင်ထက်စီးနင်းပြုမှုများက အခြားနိုင်ငံများကို သတိချက်စေသည်။
အမေရိကန် အစိုးရသည် တစ်ဖက်သတ်မူဝါဒဖြင့် ကုန်သွယ်ရေးနှင့် ရွှေ့ပြောင်းနေထိုင်သူအရေးကို ရောသမမွှေကာ အခွန်စည်းကြပ်မည်ဟူသော နည်းလမ်းဖြင့် နယ်စပ်လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ရန် ကြိုးပမ်းကာ စီးပွားရေးနှင့်အလျဉ်းမဆိုင်သည့် ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ခြင်းသည် ကမ္ဘာ့စီးပွားရေးနှင့် ဘဏ္ဍာရေးဈေးကွက်တွင် အနုတ်လက္ခဏာ ပုံရိပ်ပျက် သာဓကတစ်ခု ဖြစ်လာနိုင်သည်။
ဇွန် ၁၀ ရက်ကစ၍ မက္ကဆီကို သွင်းကုန်များကို အခွန် ၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ၊ အကယ်၍ ရွှေ့ပြောင်းနေထိုင်သူပြဿနာများလျော့နည်းသွားခြင်းမရှိပါက အမေရိကန်အနေဖြင့် ဇူလိုင်လမှစ၍ အခွန် ၂၅ ရာခိုင်နှုန်းအထိ အဆင့်ဆင့်တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော်က ယခုနှစ် မေလတွင် ကြေညာခဲ့သည်။ အမေရိကန်၏ဖိအားပေးမှုကြောင့် ဇွန် ၅ ရက်က အမေရိကန် ဝါရှင်တန်တွင် နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရာ ၇ ရက်နေ့တွင် နှစ်ဖက်သဘောတူညီချက်ရရှိကြောင်း ကြေညာခဲ့သည်။
တရားမဝင်ရွှေ့ပြောင်းနေထိုင်သူအရေးမှာ အမေရိကန်နှင့်မက္ကဆီကို၊ အမေရိကန်နှင့် အမေရိကားတိုက်အလယ်ပိုင်းအချို့နိုင်ငံများ၏ ဆက်ဆံရေးတွင် ကာလကြာရှည် အထူးအလေးထားရသည့် အရေးကိစ္စဖြစ်သည်။
ယခုနှစ် မေလတွင် အမေရိကန်နှင့်မက္ကဆီကို နယ်စပ်အကြား ဖမ်းဆီးရမိသော တရားမဝင်ရွှေ့ပြောင်း နေထိုင်သူ ၁သိန်း ၃ သောင်းကျော် ရှိရာ ၎င်းမှာ ၁၃ နှစ်ကြာကာလတွင် လအလိုက်ဖမ်းဆီးရမိသူ အရေအတွက်၌ အများဆုံးဖြစ်ကြောင်း အမေရိကန်အကောက်ခွန်နှင့်နယ်စပ်ကာကွယ်ရေးရာဌာန၏ မကြာသေးမီရက်များတွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
အစီအစဉ်အရ ထရမ့်သည် ဇွန် ၁၈ ရက်တွင် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် စတင်လှုပ်ရှားမည် ဖြစ်ရာ ရွှေ့ပြောင်းနေထိုင်သူအရေးမှာ ၎င်း၏ဟောပြောမှုတွင် အဓိကအကြောင်းအရာတစ်ခု ဖြစ်နိုင် မည်ဟု ခန့်မှန်းရကြောင်း သိရသည်။ (Xinhua)