Connect with us

MYANMAR

တစ်နိုင်ငံလုံးတွင် ဟိုတယ်ပေါင်း ၁,၆၀၁ လုံး ဖွင့်လှစ်၊ ခေတ္တပိတ်သိမ်းလိုပါက အကြောင်းကြားစာတစ်စောင်သာပေးပို့ရန်လိုအပ် 

ရန်ကုန်မြို့ရှိ ဟိုတယ်တစ်ခုတွင် ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) 

မြန်မာတစ်နိုင်ငံလုံးတွင် ဟိုတယ်အလုံးပေါင်း ၂,၁၅၄ လုံးရှိသည့် အနက် စက်တင်ဘာ ၁၅ ရက် အထိ ဟိုတယ် အလုံးပေါင်း ၁,၆၀၁ လုံးဖွင့်လှစ်ထားကြောင်း၊ယခုအချိန်အထိ ဟိုတယ်ခေတ္တပိတ်သိမ်းရန် အကြောင်းကြားမှုမျိုး သိပ်မရှိကြောင်း၊  ယခု COVID-19 အတည်ပြုလူနာများပြားလာခြင်းကြောင့် ဟိုတယ်ပိတ်လိုပါက ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသို့ အကြောင်းကြားစာတစ်စောင် ပေးပို့ရန်လိုအပ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၁၅ ရက်တွင်ပြောကြားသည်။

“ဒီကာလမှာ အကြောင်းအမျိုးမျိုးကြောင့် ပိတ်ချင်တဲ့ ဟိုတယ်တွေအနေနဲ့ ကျွန်တော် ကျွန်မတို့ ရဲ့ ဟိုတယ်က ရောဂါအခြေအနေရ ၊စီးပွားရေး အခြေအနေအရ ၊ အကြောင်းတစ်ခုခု ကြောင့် ဘယ်နေ့ကနေ စတင်ပြီးတော့မှ ပိတ်သိမ်းမှာဖြစ်ကြောင်း၊ ပြန်လည်ဖွင့်လှစ်တဲ့ အချိန် ပြန်လည်တင်ပြသွားမည်ဆိုသောစာတစ်စောင်နဲ့ပဲ အကြောင်းကြားထားရင် ရပါတယ်။’’ ဟု ၎င်း ကဖြည့်စွက်ပြောကြားသည်။

COVID-19 ရောဂါဖြစ်ပွားသည့် ကာလတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့် ဟိုတယ်များကို ပိတ်ရန် ညွှန်ကြားထားခြင်းမရှိကြောင်း၊ ၂၀၁၈ ခရီးသွားလုပ်ငန်းဥပဒေအရ ပြည်နယ်နှင့် တိုင်းဒေသကြီးများကို အာဏာခွဲဝေပြီးဖြစ်သည့် အတွက် အချို့ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏  အစီအစဉ်ဖြင့် COVID-19 ကာလတွင်  ဟိုတယ် လုပ်ငန်းအချို့အား ခေတ္တပိတ်ထားမှုမျိုးရှိကြောင်း သိရသည်။  COVID-19 ရောဂါဖြစ်ပွားသည့် ကာလတွင်အချို့ဟိုတယ်များသည် Quarantine ဟိုတယ်အဖြစ် သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးဌာန ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။ 

 “COVID-19 နှင့် ပတ်သက်ပြီး ဖြေလျှော့မှုတွေ က ဆက်တိုက်ဆောင်ရွက်လျက်ရှိပါတယ် ၊ အခုလက်ရှိအခြေအနေ အရလည်း ဘာလုပ်ပေးနိုင်မလဲဆိုတာ လေ့လာဆန်းစစ်နေတယ်။ လုပ်ငန်းရှင်တွေ ဘက်က တောင်းဆိုမှု တွေ ကိုဝန်ကြီးဌာန အနေနဲ့ ဖြေလျှော့မှု တွေ လုပ်ပေးနိုင်တဲ့ အနေအထားရှိရင် ဖြေလျှော့ပေးသွားမှာပါ။’’ ဟု ဦးအောင်အေးဟန်ကဆက်ရှင်းပြသည်။ (Xinhua