Connect with us

MYANMAR

ရန်ကုန်တိုင်းဒေသကြီးသို့ ဝင်ထွက်သွားလာမည့် ကုန်တင်ယာဉ်မှ လိုက်ပါသူများအား ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်မည်ဟုဆို  

ရန်ကုန်မြို့ ဗိုလ်တစ်ထောင်ဆိပ်ကမ်းသို့ ဝင်ရောက်လာသော ကုန်သေတ္တာတင် ယာဉ်ကြီးများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘယ ၁၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးသို့ ဝင်ထွက်သွားလာမည့် ကုန်တင်ယာဉ်များအား မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များ ၌ ယာဉ်မောင်းများ နှင့် ယာဉ်နောက်လိုက်များကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီးမှ သာ ဝင်ထွက်ခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့ (YRTA) မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူးဦးလှအောင်က “ COVID-19 ကာကွယ်ထိန်းချုပ်ရေးကာလမှာ သေချာစဉ်းစားပြီး အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ရပါတယ်။ ကုန်စည်သယ်ယူပို့ဆောင်ရေးလည်းပြတ်တောက်မှုမရှိအောင်၊ ကုန်တင်ယာဉ်တွေ သွားလာတဲ့အခါမှာလည်း အဆင်ပြေစေဖို့အတွက် အခုလိုမျိုးစစ်ဆေးပြီးသွားလာခွင့်ပြုခြင်းဖြစ်ပါတယ်” ဟု ဆင်ဟွာသို့ စက်တင်ဘာ ၁၅ ရက်တွင်ပြောကြားသည်။

ထို့အပြင် ကုန်တင်ကုန်ချ လုပ်ငန်းဆောင်ရွက်ပြီးသော်လည်း ယာဉ်မောင်းများ နှင့် ယာဉ်နောက်လိုက်များ ကို အခြားနေရာများသို့ သွားလာခွင့်မပြုဘဲ သတ်မှတ်ထားသော နေရာ၌ သာနေထိုင်စေပြီး မိမိနေရပ်သို့ ပြန်လည်စေလွှတ်ရန် စီစဉ်ထားရှိကြောင်း ၎င်းက ဆိုသည်။

လက်ရှိရန်ကုန်တိုင်းဒေသကြီးအဝင်၊ အထွက်ဂိတ်ဖြစ်သည့် တိုက်ကြီးမီးနင်းချောင်းစစ်ဆေးရေးဂိတ်၊ Zero Mile၊ ပဲခူးအစပ်ဂိတ်စသည့်နေရာများ ၌ စစ်ဆေးရေးနေရာများပြုလုပ်နေကြောင်း၊ ကုန်တင်ယာဉ်များကိုသာ စစ်ဆေးရေး ပြုလုပ်ပြီး ဝင်ရောက်ခွင့်ပြုနေကြောင်း YRTA မှ သိရသည်။  (Xinhua)