Connect with us

MYANMAR

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့က မြန်မာ့တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များအား သင်ကြားပြသမှုများ ပြုလုပ် 

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့ခေါင်းဆောင် ပါမောက္ခ Dr. Bai Chong က ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၇ ရက်(ဆင်ဟွာ) 

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့သည် မြန်မာ့တပ်မတော်မှ COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် သွားရောက် တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များအား COVID-19 ရောဂါကူးစက်မှု ထိန်းချုပ်ရေး စီမံခန့်ခွဲမှုဆိုင်ရာများကို ယနေ့ မေ ၇ ရက်တွင် ရန်ကုန်မြို့ မင်္ဂလာဒုံ မြို့နယ်ရှိ အမှတ် ၁ တပ်မတော်ဆေးရုံ၌ လေ့ကျင့်သင်ကြားပြသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ 

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့ခေါင်းဆောင် ပါမောက္ခ Dr. Bai Chong က  မြန်မာ့တပ်မတော်မှ COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် သွားရောက် တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များအား COVID-19 ရောဂါကူးစက်မှု ထိန်းချုပ်ရေး စီမံခန့်ခွဲမှုများတွင် အခက်အခဲများ ၊ ကူးစက်ရောဂါ ကာကွယ်တားဆီးရေး နည်းလမ်းများ ၊ COVID-19 ရောဂါ ကူးစက်ပုံများ ၊ တစ်ကိုယ်ရေ ကာကွယ်မှုများ ၊ ဆေးဘက်ဆိုင်ရာ အကာအကွယ်ပစ္စည်းများ ဝတ်ဆင်ရာတွင် လုပ်ဆောင်ရမည့် လမ်းညွှန်ချက်များ ၊ ကျန်းမာရေး ဝန်ထမ်းများ ရောဂါကူးစက်မှု မရှိစေရေး အတွက် အကာအကွယ် နှာခေါင်းစည်း နှင့်  PPE ဝတ်စုံများ ဝတ်ဆင်ရာတွင် ဆောင်ရွက်ရမည့် အချက်များအား  ရှင်းလင်း ပြောကြားခဲ့သည်။

တစ်ကိုယ်ရေသုံး အကာအကွယ်ဝတ်စုံ(PPE) သရုပ်ပြ ဝတ်ဆင်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

တစ်ကိုယ်ရေသုံး အကာအကွယ်ဝတ်စုံ(PPE) သရုပ်ပြ ဝတ်ဆင်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

တစ်ကိုယ်ရေသုံး အကာအကွယ်ဝတ်စုံ(PPE) သရုပ်ပြ ဝတ်ဆင်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

တပ်မတော် ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးကြီး ခင်အောင်ထွန်းက “ဒါက ထိရောက်မှု ရှိတဲ့ အကျိုးရှိပြီးတော့ တကယ်ကိုလည်း လိုအပ်တဲ့ အစီအစဉ် တစ်ခု ဖြစ်တယ်လို့ပဲ ကျွန်တော် ပြောချင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဖောင်ကြီးဆေးရုံက COVID-19 ရောဂါ အတည်ပြု လူနာများကိုသာ ထားရှိပြီးတော့ ကုသသွားမယ့် ဆေးရုံ တစ်ရုံ ဖြစ်ပါတယ်။ ဒီလိုမျိုး ဆေးရုံမှာ သွားရောက် တာဝန်ထမ်းဆောင်ရမယ့် ကျန်းမာရေး ဝန်ထမ်းတွေက သူတို့ကိုလည်း ကူးစက်နိုင်ဖို့ အခွင့်အလမ်း အများကြီး ရှိပါတယ်။ ဒီလိုမျိုး အခွင့်အလမ်းတွေကို လျှော့ချနိုင်ဖို့ ၊ ကာကွယ်နိုင်ဖို့ အတွက် ဆိုရင် မိမိကိုယ်ကို ကာကွယ်ဖို့ Safety First ဆိုတဲ့ စကား အတိုင်း ကာကွယ်နိုင်ဖို့က အလွန်အရေးကြီးပါတယ်။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့ဝင်များ နှင့် မြန်မာ့တပ်မတော်မှ ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များအား အတူတကွတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့ခေါင်းဆောင် ပါမောက္ခ Dr. Bai Chong က ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့ခေါင်းဆောင် ပါမောက္ခ Dr. Bai Chong က ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့က မြန်မာ့တပ်မတော်မှ ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များအား တစ်ကိုယ်ရေသုံး အကာအကွယ်ဝတ်စုံ(PPE) ၊ နှာခေါင်းစည်း ၊ ခေါင်းစွပ် ၊ ခွဲစိတ်ခန်းသုံး ဝတ်စုံ နှင့် အောက်စီဂျင်စက် တပ်ဆင် အသုံးပြု ဝတ်ဆင်ပုံ အဆင့်ဆင့်အား ရုပ်သံဖြင့်လည်း ပြသခဲ့ပြီး ကိုယ်တိုင် သရုပ်ပြ ဝတ်ဆင်ခြင်းများအားလည်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ 

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့၏ ယနေ့ သင်ကြားပြသမှုအစီအစဉ်တွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် တပ်မတော် ဆေးတက္ကသိုလ်မှ သမားတော် တစ်ဦးက “သူတို့က ကိုယ်တိုင် ဝတ်တာ ပြန်ကြည့်တယ်ဆိုတော့ ကောင်းပါတယ်။ အားလုံး အတွက် အကျိုးရှိတယ်လေ ။ ဒီနောက်မှာ ထိုင်နေတဲ့ လူ ၄၀ က ဖောင်ကြီးကို ဒုတိယ အသုတ် သွားလဲမယ်ဆိုတော့ လက်တွေ့အတွက် ကောင်းတာပေါ့။ လက်တွေ့ စာမေးပွဲလဲ စစ်ပြတာပေါ့။အခုလို ပြသမှုက လိုအပ်တာပေါ့။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

မြန်မာ့တပ်မတော်မှ COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)၌ တာဝန် ထမ်းဆောင်ရန် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် အယောက် ၄၀ ဦးအား ဧပြီ ၁၉ ရက်တွင် စေလွှတ်ခဲ့ပြီးနောက် ယခုအခါ ဒုတိယ အဖွဲ့ အဖြစ် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် အယောက် ၄၀ ဦးအား ထပ်မံ စေလွှတ်ပြီး ပထမ အဖွဲ့ နှင့် အလဲအလှယ် တာဝန်ထမ်းဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)