Connect with us

MYANMAR

COVID-19 ရောဂါ ပိုးရှိသူ အရေအတွက် ၁၇၆ ဦး ရှိလာ ၊ ပိုးကင်းစင်သူ ၆၂ ဦးရှိ 

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

 

ရန်ကုန် ၊ မေ ၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်) နှင့် ဆေးသုတေသန ဦးစီးဌာနတို့မှ ယနေ့ မေ ၇ ရက် ညနေပိုင်းတွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမှုနာများအရ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၄ ဦးထံတွင် ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပြီးနောက် COVID-19 ရောဂါပိုးရှိသူ အရေအတွက်မှာ ၁၇၆ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။ 

အဆိုပါ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၄ ဦးသည် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်မှ နှစ်ဦး နှင့် အင်းစိန်မြို့နယ်မှ ၁၂ ဦးတို့ ဖြစ်ပြီး COVID-19 ရောဂါ အတည်ပြုလူနာများနှင့် ထိတွေ့မှု ရှိသူများ ဖြစ်ကြပြီး ပြည်ပသို့ ခရီးသွားရာဇဝင် မရှိကြသူများ ဖြစ်ကြောင်း သိရသည်။

ယင်းCOVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၄ ဦးတွင် အသက် ၅၂ နှစ် အရွယ်ရှိသူ အမျိုးသား တစ်ဦး နှင့် အသက် ၁၂ နှစ် အရွယ် အမျိုးသမီး တစ်ဦး ပါဝင်ကြောင်း သိရသည်။ 

COVID-19 ရောဂါပိုးရှိသူ အရေအတွက် စုစုပေါင်း ၁၇၆ ဦးအနက် ယနေ့ နံနက်ပိုင်း ထုတ်ပြန်ခဲ့သော ဓာတ်ခွဲအတည်ပြု လူနာသစ် ၁ ဦးမှာ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၌ နေထိုင်ခဲ့သည့် အသက် ၄၃ နှစ် အရွယ် အမျိုးသမီး တစ်ဦး ဖြစ်ပြီး COVID-19 ရောဂါ အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိခဲ့ပြီး အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ စောင့်ကြည့်လူနာ တစ်ဦးဖြစ်ကြောင်း သိရသည်။ 

ထို့အတူ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၁၂) ဦး ရှိသဖြင့် မေ ၇ ရက်အထိ ပိုးကင်းစင်လာသူ စုစုပေါင်း (၆၂) ဦးရှိကြောင်း ၊ ၎င်းတို့အနက် (၃၇) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက် ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။ 

မြန်မာနိုင်ငံ၌ မတ် ၂၃ ရက်မှ မေ ၇ ရက်အထိ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ အရေအတွက် ၁၇၆ ဦး ရှိပြီး ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ ၆ ဦးရှိကြောင်း သိရသည်။ (Xinhua)