Connect with us

MYANMAR

နေပြည်တော်၌ ဒီဇင်ဘာလအတွင်း ပိုးတွေ့လူနာ တစ်ဆခွဲခန့် တိုးလာ

နေပြည်တော်၏ အချက်အချာ ဇမ္ဗူသီရိမြို့နယ် သပြေကုန်း အဝိုင်းကို တွေ့ရစဉ်။ (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ) ရေးသားသူ / စိုးသန်းလင်း

ပြည်ထောင်စု နယ်မြေ နေပြည်တော်၌ COVID-19 ရောဂါပိုးတွေ့ရှိသူ ဦးရေသည် ဒီဇင်ဘာလအတွင်း တစ်ဆခွဲခန့် တိုးလာသည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တာဝန်ခံ ဒေါက်တာ မြတ်ဝဏ္ဏစိုးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“အောက်တိုဘာ၊ နိုဝင်ဘာ ၊ ဒီဇင်ဘာ သုံးလမှာ အခု ဒီဇင်ဘာထဲမှာ COVID-19 ရောဂါ ပိုးတွေ့လူနာက အရင်ကထက် တစ်ဆခွဲလောက် ပိုများလာတယ်၊ အများစုက Quarantine ဝင်ထားသူတွေထဲက ပိုးတွေ့ရတာပါ၊ ပိုးတွေ့လူနာ များလာတာကြောင့် နေပြည်တော်အနေနဲ့ ပိုပြီး သတိထားကြဖို့ ပြောချင်ပါတယ်၊ တစ်ဦးချင်းစီက တာဝန်ယူမှုနဲ့ ကိုယ့်ကိုယ်ကိုယ် မကူးစက်အောင် ကာကွယ်မှပဲ ဒီဟာကို ထိန်းသိမ်းနိုင်မယ်လို့ ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဒီဇင်ဘာ ၂၂ ရက် ညပိုင်း နေပြည်တော် ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ ပြည်ထောင်စု နယ်မြေ နေပြည်တော်တွင် ပိုးတွေ့လူနာစုစုပေါင်း ၁၇ ဦးရှိကြောင်း၊ အများစုမှာ အစိုးရ ဝန်ထမ်းများ ဖြစ်ကြပြီး ဇမ္ဗူသီရိမြို့နယ်မှ ဖြစ်ကြောင်း၊ အဆိုပါ ၁၇ ဦးတွင် ပြည်ထောင်စု လွှတ်တော် ဝန်ထမ်း နှစ်ဦးလည်း ပါဝင်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

နေပြည်တော် ၈ မြို့နယ်တွင် ဒီဇင်ဘာ ၂၂ ရက်နေ့ ည ၈ : ၀၀ နာရီအထိ ပိုးတွေ့လူနာပေါင်း ၆၇၁ ဦးရှိပြီး အစိုးရ ဝန်ထမ်း အများစု နေထိုင်ရာ ဇမ္ဗူသီရိမြို့နယ်၌ ၁၉၆ ဦး ရှိကြောင်း၊ နယ်မြေပြင်ပမှ ဝင်လာသူ ၆၀ ဦးပါဝင်ကြောင်း၊ ၎င်းတို့အနက် စောင့်ကြည့်လူနာ ၇၆ ဦး၊ အသွားအလာ ကန့်သတ်ထားသူ ၅၅၄ ဦး၊ ကျန်းမာရေး စစ်ဆေးထားသူ ၄၁ ဦး၊ ဆေးရုံတက် လူနာ ၁၄၉ ဦး၊ ဆေးရုံ ဆင်းခွင့်ရသူ ၅၆ ဦးနှင့် COVID-19 ရေဂါကြောင့် သေဆုံးသူ ခြောက်ဦး အသီးသီး ရှိကြောင်း သိရသည်။ (Xinhua)