MYANMAR
ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲရာတွင် လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များ ထုတ်ပြန်
ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်
ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲရာတွင် လေကြောင်းလိုင်းဝန်ထမ်းများ၊ လေဆိပ်ဝန်ထမ်းများနှင့် လေယာဉ်စီးခရီးသည်များ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များအား ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
အဆိုပါ စံသတ်မှတ်ချက်များအနက် ပြည်တွင်းလေကြောင်းဖြင့် လိုက်ပါစီးနင်းမည့်ခရီးသည်များ ကြိုတင်ဆောင်ရွက်ရမည့်အချက်များ ၊ ပြည်တွင်းလေကြောင်းခရီးစဉ်များအတွင်း ခရီးသည်များ လိုက်နာဆောင်ရွက်ရမည့်အချက်များလည်း ထည့်သွင်း ဖော်ပြထားသည်။
လေယာဉ်စီးခရီးသည်များ လိုက်နာဆောင်ရွက်ရမည့် အချက်များတွင် ခရီးစဉ်အလိုက် လိုအပ်သော ဓာတ်ခွဲစစ်ဆေးမှုများဖြစ်သည့် Rapid Antigen Diagostic Test (RDT) Kit ဖြင့် စစ်ဆေးမှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အသိအမှတ် ပြုထားသည့် ပုဂ္ဂလိက သို့မဟုတ် အစိုးရ ဆေးရုံ/ ဆေးခန်း/ ဓာတ်ခွဲခန်းများတွင် စစ်ဆေး နိုင်ကြောင်း ၊ အစိုးရဆေးရုံ၊ ဆေးခန်း/ ဓာတ်ခွဲခန်းများတွင် လေယာဉ်လက်မှတ်ပြ၍ စစ်ဆေး နိုင်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အသိအမှတ်ပြုထားသော ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း/ ဓာတ်ခွဲခန်းများတွင် လေယာဉ်လက်မှတ်ပြ၍ဖြစ်စေ သက်ဆိုင်ရာ လေယာဉ်ခရီးစဉ်အတွက် ကြိုတင်စာရင်းသွင်းထားကြောင်း အတည်ပြုချက်ပြ၍ဖြစ်စေ စစ်ဆေးနိုင်ပြီး ၎င်းစစ်ဆေးမှုစရိတ်များကို မိမိစရိတ်ဖြင့်ပေးချေရမည် ဖြစ်ကြောင်း နှင့် ခရီးသည်များအနေဖြင့် COVID-19 သံသယဖြစ်ဖွယ် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက်
အနံ့အရသာပျောက်ဆုံးခြင်း အစရှိသည့် ရောဂါလက္ခဏာများ အလုံးစုံကင်းစင်မှသာ သတ်မှတ်ခရီးစဉ်တွင်လိုက်ပါရမည် ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။
ထို့အတူ လေယာဉ်ခရီးစဉ်တလျှောက် ခွဲစိတ်ခန်းသုံး ပါးစပ်၊ နှာခေါင်းစည်း (Surgical Mask)၊ မျက်နှာကာ (Face Shield) တို့အား သေချာစွာဝတ်ဆင်ထားရှိရန်နှင့် လေယာဉ်မောင်မယ်တို့၏ ညွှန်ကြားချက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ သက်ဆိုင်ရာမြို့သို့ လေယာဉ်ဆိုက်ရောက်ပါက ဒေသဆိုင်ရာကျန်းမာရေးဌာန၏ စစ်ဆေးမှုများ၊ လိုအပ်သော အသွားအလာကန့်သတ်ထားရှိခြင်း လုပ်ငန်းစဉ်များနှင့် ဒေသန္တရဆိုင်ရာ
အမိန့်များအား မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ပြည်တွင်းပျံသန်းသည့် လေကြောင်းလိုင်းများအနေဖြင့် ဒီဇင်ဘာ ၁၆ ရက်မှစ၍ ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။COVID-19 ကြောင့် ရပ်တန့်သွားသည့် ပြည်တွင်းလေကြောင်းလိုင်းများကို ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များ သတ်မှတ်၍ စနစ်တကျ ပြန်လည်ပြေးဆွဲခွင့်ပြုခြင်းဖြင့် လေကြောင်းပို့ဆောင်ရေး ကဏ္ဍပြန်လည်အားကောင်းလာပြီး မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရေးလုပ်ငန်းစဉ်ကို အထောက် အကူပြုစေရန် ရည်ရွယ်၍ ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်ကို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)