Connect with us

MYANMAR

နိုင်ငံတကာခရီးသည်တင်လေကြောင်းလိုင်းများ ပြန်လည်ပျံသန်းနိုင်ရေး ကြိုတင်ပြင်ဆင်မှုပြီးမြောက်မှသာ ဇန်နဝါရီ ၁ရက် တွင် စတင်ပျံသန်းနိုင်မည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ရှိ ခရီးသည်အဝင်အထွက်နေရာအားတွေ့ရစဉ်(Yangon International Airport)

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရေးသားသူ /အိမွန်ကျော်

COVID-19 ရောဂါကြောင့် ရပ်နားထားသော နိုင်ငံတကာခရီးသည်တင် လေကြောင်းလိုင်းများ ပြန်လည်ပျံသန်းနိုင်ရေးသည် ရောဂါကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများပြီးမြောက်မှသာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ရက်တွင် စတင်ပျံသန်းနိုင်မည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ လေကြောင်းပို့ဆောင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဦးနေဝင်းက ဆင်ဟွာသို့ ပြောကြားသည်။

” ဇန်နဝါရီ ၁ရက်မှ ပျံသန်းနိုင်ဖို့ ကြိုတင်အကြောင်းကြားတဲ့ စာပေါ့၊ခုထုတ်တဲ့စာက၊ ၁ ရက်နေ့က စပြီး ပျံသန်းနိုင်ဖို့အတွက် လိုအပ်တာတွေ ဆောင်ရွက်သွားဖို့ဆိုပြီး အကြောင်းကြားတာ ဖြစ်ပါတယ်။ဒါပေမယ့် ကြိုတင်ပြင်ဆင်မှုတွေ မပြီးမြောက်သေးရင် အဲနေ့ ပျံသန်းလို့မရသေးပါဘူး” ၎င်းကဆိုသည်။

အဆိုပါ နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းပြေးဆွဲခြင်းကို စတင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်မှုများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေကြောင်း၊ နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲမှုသည် ပြည်တွင်းလေကြောင်းလိုင်းများအတွက် ရောဂါကာကွယ်ရေးစံသတ်မှတ်ချက်များထက် ပိုမိုနိုင်ကြောင်း ညွှန်ကြားရေးမှူး ဦးနေဝင်းက ပြောသည်။

“ကျန်းမာရေးနဲ့ ဆိုင်တဲ့ လမ်းညွှန်ချက်တွေကတော့ ပြည်တွင်းထက်သာမှာ၊ တစ်ဘက်နိုင်ငံက ခွင့်ပြုမှုတွေလည်း လိုသေးတယ်၊ဆက်သွယ်ပျံသန်းမယ့် နိုင်ငံတွေနဲ့ နှစ်ဖက်သဘောတူ စေ့စပ်ညှိနှိုင်းတာတွေ ဆောင်ရွက်ရမှာ” ဟု ၎င်းကဆိုသည်။ပြည်တွင်းလေကြောင်းခရီးစဉ်များအား ဒီဇင်ဘာလ (၁၆) ရက်တွင် စတင်ပျံသန်းပြေးဆွဲမည်ဖြစ်ပြီး ခရီးသည်များအနေဖြင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် လိုက်နာရမည့် အချက် (၉) ချက်ကို ထုတ်ပြန်ထားကြောင်း သိရသည်။

COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး နည်းလမ်းများအတိုင်းပို့ဆောင်ရေးလုပ်ငန်းများအား ပြန်လည်ခွင့်ပြုပေးသော်လည်း မြို့တစ်မြို့နှင့် သွားလာခွင့် ကန့်သတ်ချက်များရှိနေသဖြင့် ခရီးသွားလာမှု ပုံမှန်အခြေအနေပြန်ရောက်ရန် ခက်ခဲကြောင်း ရန်ကုန်မြို့တွင် ခရီးသွားအေဂျင်စီ လုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။

နှစ်စဉ် မေ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာ မိုးရာသီကာလသည် မြန်မာနိုင်ငံ၏ ခရီးသွားဝင်ရောက်မှု နည်းပါးရာသီဖြစ်ကြောင်း ၊ အောက်တိုဘာလသည် မြန်မာ့ခရီးသွား မြင့်မားသည့်ရာသီဖြစ်ကာ နိုင်ငံတကာခရီးသွားများ ဝင်ရောက်လာမှုနှင့်အတူ လေကြောင်းလိုင်းများလည်း ပိုမိုကောင်းမွန်လာသည့် ကာလဖြစ်သော်လည်း COVID-19ရောဂါကြောင့် ခရီးသွားလုပ်ငန်းတစ်ခုလုံး ရပ်နားထားရကြောင်း၊ လေကြောင်းလိုင်းများ အကြပ်အတည်းဖြစ်သောကာလ တစ်ခုဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ (Xinhua)