Connect with us

MYANMAR

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ပြည်တွင်းခရီးသွားများအတွက် ခရီးသွားအသိပေးချက် ထုတ်ပြန်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ယခုနှစ် နှစ်ဆန်းပိုင်းက ဝင်ထွက်သွားလာနေကြသော ခရီးသွား ဧည့်သည်များအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုအရ ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲမှုကို သတ်မှတ်ထားသော စံလုပ်ထုံးလုပ်နည်းများနှင့် အညီ ဒီဇင်ဘာလ ၁၆ ရက်မှ စတင်၍ ပျံသန်းပြေးဆွဲသွားမည် ဖြစ်ပြီး လေဆိပ်အဆောက်အအုံအတွင်းသို့ တရားဝင်လေယာဉ်လက်မှတ် ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် ၃၆ နာရီအတွင်း စစ်ဆေးထားသော COVID-19 ကင်းရှင်းကြောင်း ဆေးစစ်ချက်တို့ကို လက်ဝယ်ကိုင်ဆောင်ထားသော ခရီးသည်များကိုသာ ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်က ယနေ့ အသိပေးချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ စာရွက်စာတမ်းများ ပြည့်စုံခိုင်လုံမှုမရှိသည့် ခရီးသည်များကို လေဆိပ်အဆောက် အအုံအတွင်းသို့ ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း ၊ ခရီးသည်များအနေဖြင့် ပြည်တွင်းလေဆိပ်အဆောက်အအုံသို့ဝင်ရောက်ရန် ဂိတ်အမှတ် – ၄ ကိုသာ အသုံးပြုနိုင်မည် ဖြစ်ပြီး လိုအပ်သော လုံခြုံရေးစစ်ဆေးမှုများခံယူရမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် လေဆိပ်အသုံးပြုသူများအတွက် လုံခြုံစိတ်ချမှုရှိပြီး သန့်ရှင်းသည့် ဝန်းကျင်တစ်ခု ဖြစ်စေရန် လိုအပ်သည့် ပြည်သူ့ကျန်းမာရေးလိုအပ်ချက်နှင့်လုပ်ငန်းစဉ်များကို တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

လေယာဉ်စီးနင်းမည့်ခရီးသည်များအနေဖြင့် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ချမှတ်ထားသော ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များကို အစဉ် လိုက်နာပြီး မိမိတို့၏ခရီးစဉ်ပြင်ဆင်မှုများအတွက် သက်ဆိုင်ရာလေကြောင်းလိုင်းများထံ တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ရန် ထုတ်ပြန်မှုတွင် အကြုံပြုထားသည်။ယခုထိ မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာပေါင်း ၁၀၉,၅၁၂ ဦး ၊ ဆေးရုံဆင်းခွင့် ရရှိသူ ၈၈,၁၃၁ ဦး နှင့် သေဆုံးလူနာပေါင်း ၂,၂၉၂ ဦး အသီးသီးရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)