Connect with us

MYANMAR

မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေး အထောက်အကူပြုနိုင်ရန် ဒုတိယအသုတ် အဖြစ် တရုတ်နိုင်ငံမှ စစ်ဘက်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့ ရောက်ရှိ 

မြန်မာနိုင်ငံသို့ ရောက်ရှိလာသော တရုတ်နိုင်ငံမှ စစ်ဘက်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့အား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) 

မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေး အထောက်အကူပြုနိုင်ရန် ဒုတိယ အသုတ် အဖြစ် တရုတ်နိုင်ငံမှ စစ်ဘက်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့ တစ်ဖွဲ့သည် ယနေ့ ဧပြီ ၂၄ ရက် ၊ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တရုတ်နိုင်ငံ တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိလာခဲ့သည်။ 

တရုတ်နိုင်ငံမှ စစ်ဘက်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့ တွင် အဖွဲ့ ဝင် ၆ ဦးလိုက်ပါလာခဲ့ပြီး ၎င်းတို့နှင့်အတူ ဆေးဘက်ဆိုင်ရာ N95 & KN95 နှာခေါင်းစည်းများ ၊ စမ်းသပ်ကိရိယာများ ၊ ဆရာဝန်သုံး နှာခေါင်းစည်းများ စသည့် ထောက်ပံ့ရေးပစ္စည်းများလည်း ပါရှိလာခဲ့ကာ ယင်းပစ္စည်းများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လွှဲပြောင်းပေးအပ်ခဲ့ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။ 

 တရုတ်နိုင်ငံမှ စစ်ဘက်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့နှင့်အတူ ပါရှိလာသည့် ထောက်ပံ့ရေးပစ္စည်းများအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က မီဒီယာများအား ဖြေကြားနေစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက မီဒီယာများအား ဖြေကြားနေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံစစ်ဘက်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား တွေ့ရစဉ်(ဆင်ဟွာ) 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က “တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူပြည်သားများ အကြားမှာ နက်ရှိုင်းတဲ့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ရှိသလိုပဲ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြားမှာလည်း ချစ်ကြည်ရေး ၊ ပူးပေါင်းဆောင်ရွက်ရေး အင်မတန် ကောင်းမွန်ပါတယ်။ တရုတ်နိုင်ငံမှာ COVID-19 ရောဂါ ဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာလည်း မြန်မာတပ်မတော် အနေဖြင့် အမြန်ဆုံး တရုတ်နိုင်ငံ ပြည်သူပြည်သားများကို ကူညီပေးခဲ့ပါတယ်။ ဆေးကုသရေး ပစ္စည်းများကို လှူဒါန်းပေးခဲ့ပါတယ်။ အဲဒီကူညီမှုက အင်မတန် တန်ဖိုးရှိပါတယ်။ ကျွန်တော်တို့ မေ့နိုင်မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ အခုဆိုရင် အတည်ပြုလူနာ ဦးရေ ပိုပြီးတော့ များပြားလာပါတယ်။ အဲဒါကြောင့် ဒီတစ်ခေါက် တရုတ်နိုင်ငံက စစ်ဘက်ဆိုင်ရာ ဆေးပညာရှင် အဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ပါတယ်။ အဲဒီဆေးပညာရှင် အဖွဲ့နှင့်အတူ  ဓာတ်ခွဲဖို့ ဆေးပါဝင်တဲ့ ကုသရေး ပစ္စည်း‌တွေ ပါလာပါတယ်။ အဲဒါဟာလည်း မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးအား အထောက်အကူပြုနိုင်ပါတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေး ၊ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်ရေးကို ပိုပြီးတော့ မြှင့်တင်စေနိုင်ပါတယ်လို့ ယူဆပါတယ်။”ဟု ပြောကြားခဲ့သည်။ 

ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက “ဒီလို ဆေးဘက်ပညာရှင် အဖွဲ့တွေ ရောက်လာခြင်း ၊ ဆေးဘက်ဆိုင်ရာ COVID-19 အတွက် အများကြီး အထောက်အကူပြုမည့် ပစ္စည်းတွေ ရောက်လာတာ အင်မတန်မှ ကျေးဇူးတင်ဖို့ ကောင်းပါတယ်။ ဒီပစ္စည်းတွေဟာဆိုရင်လဲ အချိန်တို အတောအတွင်းမှာ မြန်မာနိုင်ငံ တစ်နံတစ်လျား လိုအပ်တဲ့ နေရာတွေကို အမြန်ဆုံး ဖြန့်ဖြူးဆောင်ရွက်ပေးသွားမှာ ဖြစ်သလို ရန်ကုန်မြို့မှာ ရှိတဲ့ တပ်မတော် ဆေးရုံကြီးတွေမှာ ဒီကပါလာတဲ့ တရုတ်နိုင်ငံက စစ်ဘက်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ COVID-19 ရောဂါ ရှာဖွေခြင်းလုပ်ငန်းတွေ ၊ ကာကွယ်ကုသခြင်း လုပ်ငန်းတွေကို တိုင်ပင်နှီးနှောဖလှယ်ပြီးတော့ အကောင်းဆုံး တိုက်ဖျက်သွားနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အများကြီးလဲ လာရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တရုတ်နိုင်ငံကိုရော ၊ တရုတ်တပ်မတော်ကိုရော ၊ တရုတ်ပြည်သူတွေ အားလုံးကို မြန်မာပြည်သူပြည်သားတွေရော ၊ မြန်မာ့တပ်မတော်ကရော အားလုံးက ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။”ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ စစ်ဘက်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့ သည် မြန်မာ့တပ်မတော်ရှိ ဆေးဝါးကျွမ်းကျင် အဖွဲ့များနှင့် ပူးပေါင်းပြီး ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ ကုတင် ၁၀၀၀ တပ်မတော် ဆေးရုံ၌ ရက်သတ္တပတ် နှစ်ပတ်ကြာ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ၊ ထိုကဲ့သို့ ဆောင်ရွက်သည့်အတွက် နိုင်ငံအတွက် ရောဂါ တိုက်ဖျက်ရေး ဆောင်ရွက်သော လုပ်ငန်းများကို များစွာအထောက်အကူပြုမည်ဟု မျှော်လင့်ကြောင်း တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက  ထည့်သွင်း ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံမှ စစ်ဘက်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့ တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ရေတပ်ဆေးတက္ကသိုလ် Changhai ဆေးရုံ မှ အသက်ရူလမ်းကြောင်းဆိုင်ရာ ဆေးပညာဌာန ဌာနမှူး ပါမောက္ခ Dr. Bai Chong ၊ တွဲဖက်ဆရာဝန် Dr. Guan Zhenbiao ၊ အရေးပေါ်စောင့်ရှောက်ကုသမှု ဆေးပညာဌာန တွဲဖက်ဆရာဝန် Dr. Shan Yi ၊ PLA ရေတပ်ဆေးတက္ကသိုလ် ၊ ရေတပ်ဆိုင်ရာ ပတ်ဝန်းကျင် နှင့် လုပ်ငန်းခွင်ကျန်းမာရေးဌာန ပါမောက္ခ Dr. Ma Yajun ၊ ကူးစက်ရောဂါ ပြန့်ပွားခြင်း နှင့် ကာကွယ်ခြင်းဆိုင်ရာ ဆေးပညာဌာန တွဲဖက်ပါမောက္ခ Dr. Yin Jianhua ၊ ဇီဝဆေးပညာကာကွယ်ရေးဌာန ကထိက Dr. Xia Binghui တို့ ဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံသို့ ပြီးခဲ့သော ဧပြီ ၈ ရက်တွင် တရုတ်နိုင်ငံမှ အဖွဲ့ဝင် ၁၂ ဦး ပါဝင်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့သည် ပထမ အသုတ်အဖြစ် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ နှင့်အတူ ရောက်ရှိခဲ့ပြီး ရက်သတ္တပတ် နှစ်ပတ် အကြာ ၎င်းတို့ဆောင်ရွက်ခဲ့သော အတွေ့အကြုံများအား မြန်မာနိုင်ငံမှ ကျန်းမာရေး တာဝန်ရှိသူများနှင့် ဖလှယ်ခဲ့ကာ COVID-19 ရောဂါ ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)